
Dim Sum ကိုယ်တိုင်ပေါင်းစားမယ်
6 မိနစ်
3 ဦးစာ
အလယ်အလတ်
ဒင်ဆန်းဆိုတာနဲ့ စားလို့မဝတဲ့ခံစားမှုနဲ့အတူ တဝကြီးစားပစ်ချင်တယ်ဆိုတဲ့သူတွေများရှိလားဗျာ။ ဒင်ဆန်းကောင်းကောင်းလေးတွေကို အိမ်မှာပဲ သန့်သန့်ရှင်းရှင်း အရသာရှိရှိလုပ်တတ်ချင်တယ်၊ Dim Sum ကိုယ်တိုင်ပေါင်းစားမယ်ဆိုရင်တော့ ကျွန်တော်ကူညီနိုင်ပါတယ်နော်။ နူးညံ့မွှေးပျံ့ပြီး အရသာရှိလှတဲ့ ဒင်ဆန်းလေးတွေရဖို့ ကျွန်တော်သိထားတဲ့နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါရစေ။ ဒီတစ်ခေါက်မှာတော့ ဒင်ဆန်းတွေထဲ လူကြိုက်များလှတဲ့ နိုင်လွန်ပုစွန်လုပ်နည်းလေး မျှဝေပေးပါမယ်။
ပါဝင်ပစ္စည်းများ
- အလယ်အလတ်အရွယ်ပုစွန် အကောင် ၂၀
- ငရုတ်ကောင်းမှုန့်အဖြူ လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဟင်းရွက်ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခရုဆီ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ချင်း လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ထောင်းထားပါ)
- ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
- Shiitake မှို အပွင့်လတ် ၂ ပွင့် (၁၀ မိနစ်ခန့် ရေစိမ်၊ ရေဆေးပြီး နုတ်နုတ်စင်းထားပါ)
- သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဂျုံမှုန့် ခွက်တစ်ဝက်
- ပြောင်းဖူးမှုန့် ခွက်တစ်ဝက်
- ရေနွေးဆူဆူ ခွက်တစ်ဝက် (၂၅၀ မီလီလီတာ)
ချက်ပြုတ်ပြင်ဆင်ပုံ
အဆာပြုလုပ်ပုံ
-
ဇလုံတစ်လုံးထဲမှာ ပုစွန် ၁၀ ကောင်၊ ဆား၊ ငရုတ်ကောင်း တို့ကိုရောနယ်ပေးပါ။ ဝါးလိုက်ရင်ထုပ်ထုပ်လေးနဲ့စားကောင်းစေဖို့ အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီခန့်ထားပေးပါ။
-
ကျန်တဲ့ ပုစွန် ၁၀ ကောင်ကိုတော့ နုတ်နုတ်စင်းပေးလိုက်ပါ။ ပန်းကန်လုံးထဲထည့်ပြီး တူနဲ့စေးစေးလေးဖြစ်လာအောင် မွှေပါမယ်။ ဘယ်ဆိုဘယ်၊ ညာဆိုညာ Direction တစ်ဖက်တည်းသုံးပြီး မွှေဖို့လိုပါတယ်နော်။
-
စင်းပြီးမွှေထားတဲ့ပုစွန်ထဲကို နှမ်းဆီ၊ မှို ၊ ခရုဆီ ၊ ချင်း ၊ သကြား ၊ ခနောကြက်သားမှုန့် ၊ ဟင်းသီးဟင်းရွက်ဆီတို့ထည့်ကာ သမအောင်နယ်ထားပေးပါ။
ဒင်ဆန်းရွက်ပြုလုပ်ပုံ
-
ဒင်ဆန်းရွက်ပြုလုပ်ဖို့အတွက် ပန်းကန်လုံးထဲကို ဂျုံမှုန့်၊ပြောင်းဖူးမှုန့် ထည့်ကာတူနဲ့သမအောင်မွှေပါ။ ပြီးရင် ရေနွေးထည့်ပြီး မြန်မြန်သွက်သွက်လေး သမအောင်မွှေပေးပါ။ ဟင်းသီးဟင်းရွက်ဆီ တစ်ဇွန်းထည့်မွှေပါ။ ပြီးရင်တော့ လက်နဲ့သေသေချာချာနယ်ပေးလိုက်ပါ။ မုန့်နှစ်ကိုခပ်ရှည်ရှည်လေးအချောင်းနှစ်ခုပြုလုပ်ပြီး အပိုင်း ၁၀ ပိုင်းညီညီမျှမျှပိုင်းကာ ရေစွတ်ထားတဲ့တစ်ရှူးလေးနဲ့ဖုံးထားပေးပါ။
-
မုန့်နှစ်တစ်ပိုင်းကိုယူပြီး ဂျုံလှိမ့်တုံးနဲ့ လှိမ့်ကာ ဒင်ဆန်းရွက်အဝိုင်းပြားလေးရအောင်ပြုလုပ်ပေးပါ။
ထုပ်ပိုးပုံ
-
ဒင်းဆန်းရွက်ထဲကို အဆာ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပုစွန် ၁ ကောင်ထည့်ပါ။ ဒင်ဆန်းရွက် အနားလေးတွေကို တွန့်တွန့်လေးခေါက်သွားပြီး နောက်ဆုံးပူးပြီးပိတ်လိုက်ပါ။
-
ဒင်းဆန်းဗန်းပေါ်ကို ဘရပ်ရှ်အသုံးပြုကာဆီပါးပါးသုတ်ပါ။ (မုန့်တွေမကပ်စေဖို့ ဖြစ်ပါတယ်)။ ပြီးရင်တော့ မုန့်တွေကိုဆံ့သလောက်စီထည့်ပြီး မီးပြင်းပြင်း၊ ရေဆူဆူမှာ ၆ မိနစ်ခန့် ပေါင်းပေးလိုက်ပါ။ ခုဆိုရင်တော့ လတ်ဆတ်သန့်ရှင်းပြီး အရသာရှိလှတဲ့ ပုစွန်နိုင်လွန်ဒင်းဆန်းကို တဝကြီးသုံးဆောင်နိုင်ပါပြီနော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent