
အိအိစိမ့်စိမ့်ပြောင်းဖူးကြက်ဥကြော်လေး
10 မိနစ်
2 ဦးစာ
လွယ်သော
ညီမတို့အိမ်က ညီမအငယ်ဆုံးလေးက ခုမှ၈နှစ်အရွယ်ဆိုတော့ ထမင်းစားတိုင်း သူပါစားလို့ရတဲ့ ဟင်းအချိုလေးတစ်ခုခုအမြဲထည့်ပြင်ပေးလေ့ရှိတယ်လေ။အဲ့ဒီလိုဟင်းတွေထဲကမှ ညီမလေးတင်မက ကလေးတိုင်းတော်တော်များများကြိုက်ကြတဲ့ဟင်းဆိုတာနဲ့ သေချာပါတယ်။ ကြက်ဥနံ့သင်းသင်းပြောင်းဖူးအရသာချိုချိုလေးနဲ့ ပြောင်းဖူးကြက်ဥကြော်စေးစေးလေးပါပဲ။ဒီတစ်ခါ အိမ်မှာလည်း ကြော်စားဖြစ်တုန်း ညီမတို့လို ကလေးအငယ်အိမ်မှာရှိတဲ့သူတွေအတွက်ဘယ်လိုကြော်ရလဲဆိုတဲ့နည်းလမ်းလေးညွှန်ပေးပါရစေ။
ပါဝင်ပစ္စည်းများ
- ပြောင်းဖူး ၃ ဖူး (ခပ်ပါးပါးလှီးထားပါ)
- ကြက်ဥ ၂ လုံး
- ထောပတ်ရည် ၁၀ ကျပ်သား
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း သုံးပုံတစ်ပုံ
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- သကြား ထမင်းစားဇွန်း ၁ လုံး
- နို့စိမ်း ၂၀ မီလီလီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံး အိုးမကပ်တဲ့ ဒယ်အိုးထဲ ထောပတ်ရည်ထည့်ပြီး အပူပေးထားပါမယ်။
-
ထောပတ်ရည်ပူလာတာနဲ့ ကြက်သွန်နီလှီးပြီးသား ထည့်လှိမ့်ပြီး ပြောင်းဖူးပါ ထည့်ပါမယ်။
-
ပြီးတာနဲ့ သကြားနဲ့ ခနောကြက်သားမှုန့်တို့ကို ထည့်မွှေပါမယ်။
-
မွှေနေရင်း ပြောင်းဖူးအနှစ်စေးကပ်ကပ်ဖြစ်လာပြီဆိုမှ ကြက်ဥကို အိုးအလယ်မှာ ဖောက်ထည့်ပြီး မွှေပါမယ်။
-
ကြက်ဥနဲ့ ပြောင်းဖူးရောသွားမှ နောက်ဆုံးနို့စိမ်းကို ဒယ်အိုးထဲထည့်မွှေပြီး နို့စိမ်းခမ်းချိန်မှာ ခပ်စေးစေးဖြစ်နေတဲ့ ပြောင်းဖူးကြက်ဥကြော်လေးကိုပန်းကန်ထဲထည့်ပြီး ထမင်းနဲ့ အရသာရှိရှိစားနိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent