အိမ်မှာနေရင်း လွယ်ကူမြန်ဆန် အာဟာရပြည့် ကြက်ဥကင်နဲ့ ဆန်ပြုတ်စားကြမယ်

အိမ်မှာနေရင်း လွယ်ကူမြန်ဆန် အာဟာရပြည့် ကြက်ဥကင်နဲ့ ဆန်ပြုတ်စားကြမယ်

35 မိနစ်

2 ဦးစာ

အလယ်အလတ်

Stay Home ကာလမှာ အိမ်မှာ အဝယ်ထားဖြစ်ဆုံးက ကြက်ဥပဲမဟုတ်လား။ တစ်ခါလာလည်း ကြက်ဥကြော်၊ ကြက်ဥဟင်းနဲ့ ကြော်ရ၊ ချက်ရ၊ ပြုတ်ရတွေ ရိုးလာပြီမို့ ဒီတစ်ခါ ခပ်ဆန်းဆန်းလေးနဲ့ အရသာရှိစေတဲ့ ကြက်ဥကင်လုပ်နည်းလေး ပြောပြပါရစေ။ သူနဲ့ တွဲစားသုံးဖို့ အလိုက်ဖက်ဆုံးကတော့ ခနောဆန်ပြုတ်လေးဖြစ်ပါတယ်။ ကြက်ဥမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး သူ့မှာ ပါဝင်တဲ့ ဗီတာမင် B2 နဲ့ ဗီတာမင် B12 တို့ဟာ ဖျားနာမောပန်းမှုကို လျှော့ချပေးနိုင်သလို အာရုံကြောစနစ်ကိုလည်း ထောက်ပံ့ပေးနိုင်ပြီး Selenium ကလည်း ကိုယ်ခံစွမ်းအားစနစ်ကို ထောက်ကူပေးနိုင်တဲ့အတွက် ဒီလိုအချိန်မှာ ကြက်ဥကင်နဲ့ ခနောဆန်ပြုတ်လေးကို ချက်စားကြည့်ကြစို့နော်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရရေးသားဖော်ပြထားပါသည်။*

ပါဝင်ပစ္စည်းများ

  • 3 ကြက်ဥ ၃ လုံး
  • 1/4 ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • 1 ပြောင်းဖူးစေ့ပြုတ် ထမင်းစားဇွန်း ၁ ဇွန်း (ပြောင်းဖူးစေ့တွေကို ချွေပြီး ရေနဲ့ ၅ မိနစ်ခန့် ကြိုပြုတ်ထားပါ)
  • 250 ရေ ၂၅၀ မီလီလီတာ
  • 1 ခနောဆန်ပြုတ် ၁ ထုပ်
  • 1 ကြက်သွန်မြိတ် ၁ ပင် (ခပ်သေးသေးလှီးထားပါ)
  • 2 ငရုတ်သီးအနီ ၂ တောင့်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ကြက်ဥထိပ်လေးကိုပဲ ခွဲပြီး အထဲက အကာနဲ့ အနှစ်တွေကို ပန်းကန်လုံးတစ်လုံးထဲကို ဖောက်ချထားပါ။

  2. ကြက်ဥအကာနဲ့ အနှစ်တွေကို ရောမွှေပြီး ဆန်ကာနဲ့ စစ်ကာ ပန်းကန်လုံးထဲကို ပြန်ထည့်ပါ။

  3. မွှေထားတဲ့ ကြက်ဥနှစ်တွေကို ငရုတ်ကောင်းမှုန့်ဖြူးပြီး ပန်းကန်လုံးထဲမှာ ထပ်ခလောက်ပေးပါ။

  4. ပြီးရင်တော့ အဲဒီကြက်ဥမွှေထားတာကို ကြက်ဥခွံတစ်ခုစီထဲကို လေးပုံ သုံးပုံလောက် ရောက်တဲ့အထိ ဖြည့်ပေးရပါမယ်။

  5. ဖြည့်ပြီးသား ကြက်ဥတစ်လုံးစီကို ကြွေပန်းကန်လုံးသေးတစ်လုံးစီထဲ ထောင်ပြီး ထည့်ပါ။

  6. ပေါင်းအိုးထဲမှာ ရေနည်းနည်းထည့်ပြီး ပန်းကန်လုံးတွေကို နေရာချကာ မိနစ် ၂၀၊ ၃၀ လောက် မီးအေးအေးနဲ့ ပေါင်းပေးပါ။ အိုးအဖုံးကို အပြည့်မအုပ်ပဲ နည်းနည်းဟထားရပါမယ်။ အိုးအဖုံးအုပ်ထားရင် ကြက်ဥတွေ ပေါက်ထွက်တတ်လို့ပါနော်။

  7. ပေါင်းထားတဲ့ ကြက်ဥတွေ ရပြီဆိုရင်တော့ အိုးထဲမှ ထုတ်ကာ အကင်ဗန်း ဒါမှမဟုတ် မီးဖိုပေါ်မှာ နောက်ထပ်မိနစ်နည်းနည်းလောက် ထပ်ကင်ပေးပါ။

  8. အိုးအသစ်တစ်လုံးထဲကို ခနောဆန်ပြုတ်ဖောက်ထည့်ကာ ရေ ၂၅၀ မီလီမီတာထည့်ပြီး တည်ထားပါ။ ပွက်လာပြီဆိုတာနဲ့ မီးရှိန်လျှော့ပြီး ပြုတ်ထားတဲ့ ပြောင်းဖူးစေ့လေးတွေ ထည့်ကာ ၃ မိနစ်ကနေ ၅ မိနစ်ထိ မွှေပေးရပါမယ်။

  9. ဆန်ပြုတ်အသင့်ဖြစ်ပြီဆိုရင်တော့ ခုနကင်ထားတဲ့ ကြက်ဥလေးတွေထည့်၊ ကြက်သွန်မြိတ်လေးဖြူး၊ အစပ်ကြိုက်တတ်ရင် ငရုတ်သီးအနီ ၂ တောင့်လောက် ညှပ်ထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent