အိစိမ့်မွှေးပဲကြီးနှပ်

အိစိမ့်မွှေးပဲကြီးနှပ်

30 မိနစ်

3 ဦးစာ

အလယ်အလတ်

နူးနူးအိအိနဲ့ အရသာရှိလှတဲ့ ပဲကြီးနှပ်လေးကို မကြိုက်တဲ့သူမရှိသလောက်ရှားမယ်ထင်ပါတယ်နော်။ ပရိုတင်းပြည့်ဝပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းတစ်ခွက်ဖြစ်တဲ့အပြင် သက်သတ်လွတ်သမားတွေနဲ့လည်း သင့်တော်တဲ့ပဲကြီးနှပ်လေးက ချက်ပြုတ်ရတာလည်း အရမ်းကို လွယ်ကူမြန်ဆန်ပါတယ်။ ဒါကြောင့် အိစိမ့်မွှေးပဲကြီးနှပ်လေးကို လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန် ဘယ်လိုချက်နိုင်မလဲဆိုတာ ကျွန်မက မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ပဲကြီး ၃၇၅ ဂရမ် (မချက်ခင် တစ်ညရေစိမ်ထားပေးပါ)(ချက်ခါနီးရေဆေးကာ ရေစစ်ထားပါ)
  • ကြက်သွန်နီ ၂ လုံး (အခွံနွှာ ရေဆေးပြီး မထူမပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၅ မြွှာ (ထောင်းထားပါ)
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ ထမင်းစားဇွန်း ၅ ဇွန်း (ပဲနှပ်ရန်)
  • ဆီ ထမင်းစားဇွန်း ၈ ဇွန်း (ကြက်သွန်ကြော်ရန်)
  • ရေ ၂ ခွက် (၅၀၀ မီလီလီတာ) (ပဲထဲ ထည့်ရန်)

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အိုးထဲကိုဆီထည့်ပြီး ဆီဆူလာတဲ့အခါ ကြက်သွန်ဖြူ၊ ကြက်သွန်နီတစ်ဝက်နဲ့ နနွင်းတို့ထည့်ပြီး ဆီသတ်ပါ။

  2. ဆီသတ်နံ့လေးမွှေးပျံ့လာပြီဆိုရင် ပဲကိုထည့်ပေးပါ။ ပြီးရင်တော့ ခနောကြက်သားမှုန့်ကိုထည့်ပါ။ ရေထည့်ပါ။ အဖုံးအုပ်ပြီးမီးအေးအေးနဲ့နှပ်ပေးပါ။

  3. ပဲကြီးနှပ်ထဲထည့်ဖို့ ကြက်သွန်နီလေးလည်း ကြော်ပါမယ်နော်။ အိုးထဲကို ဆီထည့်ပြီး ဆီကိုသေသေချာချာဆူအောင်တည်ထားကာ ကြက်သွန်နီထည့်မွှေပါ။ ကြက်သွန်နီလေး ရွှေညိုရောင်သန်းလာရင်ရပါပြီ။ မတူးသွားစေဖို့ သတိထားပေးပါနော်။

  4. ပဲနှပ်တဲ့နေရာမှာ ကိုယ်လိုချင်တဲ့အနေအထားကိုလိုက်ပြီး ရေကိုလိုသလောက် ထပ်ထည့်ပေးနိုင်ပါတယ်။ အိအိထွေးထွေးပဲကြီးနှပ်လေးရသွားပြီဆိုရင်တော့ အပေါ်က ကြက်သွန်နီကြော်ကြွပ်ကြွပ်လေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent