
အာဟာရရှိပြီး ခံတွင်းမြိန်စေမယ့် ပဲကြီးနှပ်
30 မိနစ်
3 ဦးစာ
အလယ်အလတ်
အခုတစ်ခေါက်မှာတော့ လူတိုင်းကြိုက်တဲ့ အရံဟင်းလေးဖြစ်တဲ့ ပဲကြီးနှပ်ဟင်းချက်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ အာဟာရနဲ့လဲ ပြည့်စုံတဲ့ အတွက်ကြောင့် ကျန်းမာရေးအတွက် မဖြစ်မနေစားသင့်တဲ့ ဟင်းလျာလေးတစ်မျိုးလဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲကြီး ၁၀ ကျပ်သား
- ပုဇွန်ခြောက် ထမင်းစားဇွန်း ၁ ဇွန်း
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၅ မွှာ
- ချင်း အနည်းငယ်
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ပဲဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- နံနံပင် အနည်းငယ်
- ရေသန့် ဝ.၅ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ပဲကြီးစေ့လေးတွေကို ရေစိမ်ထားပြီး အခွံခွာထားပေးပါ။
-
ဆီသတ်ဖို့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းတွေကို ထောင်းထားပေးပါနော်။
-
ဆီအိုးကို အပူပေးပြီး ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းတွေကို ဆီသတ်ပေးပါ။
-
ကြက်သွန်လေးတွေ နွမ်းလာရင်တော့ အသင့်ပြင်ထားတဲ့ ပဲကြီးစေ့လေးတွေကို ထည့်ချက်ပြီး အသာအယာမွှေပေးပါနော်။
-
ပဲကြီးစေ့လေးတွေ အနည်းငယ်နူးလာရင်တော့ ပုဇွန်ခြောက်၊ ငရုတ်ကောင်းမှုန့်၊ ခနောကြက်သားမှုန့်နဲ့ ရေသန့်အနည်းငယ်တို့ထည့်ပြီး အရသာသွင်းကာ မီးအေးအေးနဲ့ ချက်ပေးရပါမယ်။
-
ပဲကြီးစေ့လေးတွေ နူးပြီး ဆီပြန်လာရင်တော့ ငရုတ်သီးစိမ်း၊ နံနံပင်လေးဖြူးကာ မြိန်ရည်လျက်ရည် သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent