
အသားဟင်းမလိုတဲ့ ပဲသီးပုဇွန်ကြော်
20 မိနစ်
2 ဦးစာ
လွယ်သော
ပုဇွန်ချစ်သူများအတွက် ချက်ပြုတ်ရလွယ်ကူပြီး အရသာရှိတဲ့ ပဲသီးပုဇွန်ကြော် လုပ်နည်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အတွက်ကြောင့် လူကြီးလူငယ်မရွေး စားသုံးသင့်တဲ့ ဟင်းလေးပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲတောင့်ရှည် ၁၀ ကျပ်သား
- ပုဇွန်ဆိတ် ၁၀ ကျပ်သား
- ကြက်သွန်ဖြူ ၅ မွှာ
- ကြက်သွန်နီ ၁ လုံး
- ချင်း အနည်းငယ်
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ပုဇွန်ခြောက်မှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ပဲဆီသန့် ထမင်းစားဇွန်း ၃ ဇွန်း
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- ငါးငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
- သံပုရာရည် ထမင်းစားဇွန်း ၁ ဇွန်း
- ငရုတ်သီးစိမ်း ၅ တောင့်
- ရှမ်းငရုတ်သီးပွ ၁ တောင့်
- ရေသန့် ဝ.၅ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပုဇွန်ဆိတ်လေးတွေကို ရေဆေးပြီး သန့်စင်ထားပေးပါ။ ပဲတောင့်ရှည်လေးတွေကိုတော့ ရေဆေးပြီး ၁ လက်မခန့်အရွယ်လေးတွေ လှီးဖြတ်ထားပါ။
-
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကိုတော့ ဆီသတ်ဖို့အတွက် ထောင်းထားပေးပါ။
-
ဒယ်အိုးထဲမှာ ပဲဆီသန့်ထည့်ပြီး ဆီပူလာရင်တော့ ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းအနှစ်ကိုထည့်ပြီး ဆီသတ်ပါ။
-
ဆီသတ်နံ့လေးမွှေးလာပြီး ကြက်သွန်လေးတွေ နွမ်းလာပြီဆိုရင်တော့ ပဲတောင့်ရှည်လေးတွေနဲ့ ပုဇွန်ဆိတ်လေးတွေထည့်ပြီး မွှေကာကြော်ပေးပါ။
-
ပဲတောင့်ရှည်လေးတွေ နူးဖို့အတွက်ဆိုရင်တော့ ရေအနည်းငယ်ထည့်ပြီး အုပ်ထားပေးပါနော်။
-
မိနစ်အနည်းငယ်ကြာရင်တော့ ပုဇွန်ခြောက်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ခနောကြက်သားမှု့တို့ထည့်ပြီး အရသာသွင်းပေးရပါမယ်။
-
ဟင်းနံ့လေးတွေ မွှေးပြီး ပဲတောင့်ရှည်လေးတွေလည်း နူးလာပြီဆိုရင်တော့ ရှမ်းငရုတ်နီ၊ ငရုတ်သီးစိမ်းတို့ အလှဆင်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent