
အရသာရှိတဲ့ Homemade ကြက်အူချောင်းကိုယ်တိုင်လုပ်နည်း
15 မိနစ်
5 ဦးစာ
အလယ်အလတ်
အစားကောင်းလေးများ အိမ်မှာလုပ်စားရရင် ချစ်တဲ့သူတွေ သတိရတယ်ဆိုသလိုပဲ ဟိုတနေ့က ကလေးတွေအကြိုက် ကြက်အူချောင်း (Chicken Sausage) ကို အိမ်လုပ်လက်ရာစစ်စစ်လေး လုပ်ကျွေးမိတာ အရသာရှိကြတယ်ဆိုတော့လည်း စားကောင်းအောင် ချက်နည်းလေးတွေ မျှဝေပေးချင်တယ်လေ။ ခေတ်ကာလကြီးဆိုတာလည်း အစားအသောက်ကအစ စိတ်မချစရာတွေများလာတာသိကြတဲ့အတိုင်းပဲလေ။ ငယ်ငယ်တုန်းကဆိုများ သဘာဝက ရတဲ့ လတ်လတ်ဆတ်ဆတ်အသား၊ငါး၊ အသီးရွက်တွေနဲ့ပဲ စားသောက် ကြီးပြင်းရှင်သန်ခဲ့ရပေမယ့် ဒီဘက်ခေတ်မှာ အသင့်စားဖွယ်တွေ ပေါလာတဲ့အချိန် ကျန်းမာရေးအတွက်ပါ ပူပင်လာရပါတယ်။ အိမ်ကသားသမီးလေးတွေလည်း ကြိုက်၊ ကိုယ်လည်း လုပ်ကျွေးရလွယ်တဲ့ ကြက်အူချောင်းကို အိမ်မှာဘယ်လိုလုပ်စားရမလဲဆိုတဲ့နည်းလေးတစ်သွယ် အိမ်ရှင်မတွေအတွက် မျှဝေပေးချင်လို့ပါ။ ကြက်အူချောင်းဆိုတာ ကလေးတွေအကြိုက်စားစရာတစ်မျိုးဆိုတော့ ကိုယ့်လို ချစ်တဲ့သူကို လုပ်ကျွေးချင်တဲ့သူတွေ တကယ်သဘောကျစေမယ့်နည်းလေး ကိုယ်သိသလောက်ဝေမျှပေးပါ့မယ်။
ပါဝင်ပစ္စည်းများ
- ကြက်သားအရိုးနုနဲ့ အသားချည်းကြိတ်သား ၅၀ သား
- ကြက်ဥ ၄ လုံး
- ငရုတ်ကောင်းမှုန့် လဘက်ရည်ဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၁ မွှာ
- ချင်း ဓါးပြား ၅ ပြားစာ
- ဝက်အူသန့်စင်ပြီး ၃ ခွေ (ကြက်အူချောင်းအစာသွပ်ရန်)
- ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၂ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံး အသားကြိတ်ထားတာတွေထဲ ကြက်ဥတွေ ဖောက်ထည့်ပေးပါ။အရိုးနုမကြိုက်တဲ့သူတွေတော့ အသားကို ကြိတ်တည်းက အရိုးနုကို ရှောင်ပါနော်။
-
ပြီးတာနဲ့ ငရုတ်ကောင်း၊ ခနောကြက်သားမှုန့်၊ ပဲငံပြာရည်ကြည်နဲ့ အသားကို နှံ့စပ်နေအောင် နယ်ပေးပါ။ အဲ့ဒီလိုနယ်ပြီးတာနဲ့ ကြက်သွန်ဖြူနဲ့ချင်းကို ကြေညက်အောင် ကြိတ်ပြီး အသားထဲထပ်ထည့်ပေးပါ။ အဲဒီလိုမှ အသားကပိုမွှေးမှာလေ။ အိမ်ကကလေးတွေဖျားနာတာတွေအတွက်လည်း ဓါတ်စာဖြစ်တာပေါ့။
-
အကုန်နှံ့နေအောင်နယ်ပြီးပြီဆိုတာနဲ့ လျှို့ဝှက်ချက်တစ်ခုက ရေလေး ထမင်းစားဇွန်း ၆ဇွန်းစာလောက် ထည့်ပေးပါ။ ပြီးတာနဲ့ အသားတွေအကုန်လုံးကို နှံ့စပ်နေအောင် မွှေပေးပါ။ ဒီနေရာမှာ နှံ့နှံ့လေး မွှေနိုင်မှ ကြက်အူချောင်းလေးက အရသာရှိမှာနော်။
-
ကဲ...အားလုံးပြီးပြီဆိုတာနဲ့ သန့်စင်ထားတဲ့ ဝက်အူအခွံပါးပါးကြည်ကြည်ထဲ အသားတွေကို ကန်တော့လေးခံပြီး ဖြည်းဖြည်းချင်း သိပ်ထည့်ပါနော်။ သိပ်ထည့်ပြီးရင်တော့ ကိုယ်ကြိုက်တဲ့အရွယ်အစားအလိုက် အလိမ်လေးတွေကျစ်ပေးပါ။
-
ပြီးမှ ဆီခပ်အေးအေးထဲ ထည့်ကြော်လိုက်ရင် ကလေးတွေရော၊ အနံ့ရတဲ့ ပတ်ဝန်းကျင်တစ်ခွင်က အိမ်တွေပါ ဝင်လာပြီး စားချင်သွားအောင်ကောင်းတဲ့ အိမ်လုပ်ကြက်အူချောင်းကြော်လေးတွေ ရပြီပေါ့။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent