
အရသာပြည့်စုံတဲ့ အုန်းနို့ခေါက်ဆွဲတစ်ပွဲ ဘယ်လို ချက်မလဲ
30 မိနစ်
5 ဦးစာ
ခက်ခဲသော
အုန်းနို့၊ သံပရာသီးနဲ့ ကြက်သွန်စိမ်းနံ့လေးတွေ ရောစပ်ပြီးရရှိလာတဲ့ အုန်းနို့ခေါက်ဆွဲနံ့မွှေးမွှေးလေးကို တွန်းလှန်နိုင်သူမရှိလောက်ဘူးထင်ပါတယ်နော်။ တော်တော်များများက အုန်းနို့ခေါက်ဆွဲကိုနှစ်သက်ကြပေမယ့် အိမ်မှာတော့ ကိုယ်တိုင်ချက်မစားဖြစ်ကြပါဘူး။ အခု အနံ့၊အရသာနဲ့ပြည့်စုံတဲ့ အုန်းနို့ခေါက်ဆွဲတစ်ပွဲဘယ်လိုချက်မလဲဆိုတာ ရိုးရိုးရှင်းရှင်းပြောပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲဖတ် ၃၀ ကျပ်သား
- ကြက်သား (အရိုး၊ အသားရောလျက်) ၂၀ ကျပ်သား (ရေဆေးပြီး အတုံးအနေတော်တုံးကာ ခနောကြက်သားမှုန့်နဲ့နယ်ထားပါ)
- ချင်း ၁ စင်တီမီတာ (ထောင်းထားပါ)
- ကြက်သွန်နီ ၂ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ ၄ မြွှာ (ထောင်းထားပါ)
- ဆီ ထမင်းစားဇွန်း ၄ ဇွန်း
- ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း အသားနယ်ရန်နဲ့ ဟင်းရည်ထဲထည့်ရန် တစ်ဝက်စီသုံးပါ)
- ဆား လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- သကြား ထမင်းစားဇွန်း ၁ ဇွန်း
- ပဲစိမ်းမှုန့် ၇၅ ဂရမ် (ရေ ၁၀၀၀ မီလီလီတာနဲ့ရောကာ မီးအေးအေးနဲ့ဖြည်းဖြည်းချင်းမွှေကာကျိုထားပါ)
- အုန်းနို့ ၄၀၀ မီလီလီတာ (တစ်ဝက်ကို ဆီသတ်ချိန်ထည့်ပြီး ကျန်တစ်ဝက်ကိုဟင်းရည်ဆူမှထည့်ပါ)
- ရေ ၁၀၀၀ မီလီလီတာ (ပဲရည်ကျိုရန်)
- ကြက်ဥပြုတ် ၃ လုံး (မထူမပါးစိတ်ထားပါ)
ထည့်စားရန်
- ကြက်သွန်နီ ၂ လုံး (ပါးပါးလှီးပြီး ရေဆေးကာစစ်ထားပါ)
- မုန့်ကြွပ်ကြော် ပန်းကန်လုံး ၁ လုံး
- ငရုတ်သီးလှော် ထမင်းစားဇွန်း ၂ ဇွန်း (လိုသလောက်သာ ထည့်စားပါ)
- သံပုရာသီး ၂ လုံး (အစိတ်လေးများ စိတ်ထားပါ)
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဆုံးကြက်သားချက်ပါမယ်။ ဒယ်အိုးထဲကို ဆီထည့်ပြီးဆီဆူလာချိန်မှာ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ချင်းထည့်ပါ။ ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်ထည့်ကာဆီသတ်ပါ။
-
ဆီသတ်နံ့မွှေးလာချိန်မှာ ကြက်သားထည့်ပါ။ကြက်သားအရည်လေးထွက်ပြီး မွှေးလာချိန်မှာ အုန်းနို့လောင်းထည့်ကာ ဆက်မွှေပေးပါ။အဖုံးလေးခဏအုပ်ပြီး ဆီပြန်လာအောင်ထားပေးပါ။
-
ကြက်သားနဲ့ အုန်းနို့နံ့လေးမွှေးပြီး ဆီပြန်လာပြီဆိုရင် ကျိုထားတဲ့ပဲရည်ကို ဖြည်းဖြည်းချင်းလောင်းထည့်ကာမွှေပေးပါ။ ဆက်တိုက်မွှေပေးပြီး ဟင်းအရည်ပွက်လာချိန်မှာ ချန်ထားခဲ့တဲ့အုန်းနို့ကို လောင်းထည့်ပါ။
-
ဟင်းရည်ပွက်လာရင် သကြား၊ ခနောကြက်သားမှုန့်၊ ဆား၊ ကြက်ဥပြုတ်ထည့်ကာ မိမိလိုသလောက်အပျစ်အကျဲရအောင် ဆက်တည်ထားပါ။ အရေးအကြီးဆုံးအချက်က ဟင်းအိုးဘေးမှာနေပြီး မွှေပေးနေဖို့ဖြစ်ပါတယ်။ အပေါ်ယံမှာဝေ့တက်လာတဲ့အဆီတွေကိုလည်း သတ်ချပေးနေဖို့လိုပါတယ်။
-
ခုဆိုရင်တော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ အုန်းနို့ခေါက်ဆွဲလေးကို အလွယ်တကူပဲချက်ပြီးသွားပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent