
အမဲသားကြော် ကြွပ်ကြွပ်မွမွလေး
15 မိနစ်
2 ဦးစာ
လွယ်သော
ဒီနေ့ဈေးထဲမှာ အမဲသားတွေ လတ်မှလတ်၊ရဲနေတဲ့အသားကောင်းကြီးတွေ တွေ့ခဲ့တုန်း တခြားဟင်းတွေလည်း မချက်ချင်တာနဲ့ လွယ်လွယ်ကူကူအမဲသားကြော် ကြွပ်ကြွပ်လေးကြော်ပြီး ထမင်းကို ဆီနဲ့ဆားနဲ့နယ်စားမယ် စိတ်ကူးမိပါလေရော။ ငယ်ငယ်တုန်းတည်းကအမေတို့ကျွေးနေကျအကြိုက်ဆုံးထမင်းဟင်းတွေထဲမှာအမေခွံ့ကျွေးခဲ့တဲ့အမဲသားကြော်မွှေးမွှေးလေးကိုလည်းလွမ်းနေတော့အမေ့အလွမ်းပြေလေးကြော်စားရင်းတစ်ခါတည်းနည်းလမ်းလေးမျှဝေလိုက်ရပါတယ်နော်။
ပါဝင်ပစ္စည်းများ
- အမဲသား ၂၅ ကျပ်သား
- ချင်းထောင်းပြီးသား ၅ ကျပ်သား
- ကြက်သွန်ဖြူထောင်းပြီးသား ၅ ကျပ်သား
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း သုံးပုံနှစ်ပုံ
- ဆီ ၂၅ ကျပ်သား
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ရေ တစ်လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံးအမဲသားတွေကို အနေတော်တုံးပြီး ရေဆေးထားပါ။
-
အသားတွေကို အိုးတစ်ခုထဲထည့်ပြီး ညှီနံ့ပျောက်အောင် ချင်း၊ကြက်သွန်ဖြူထောင်းထားတဲ့ အရည်ရောအဖတ်ရောကိုထည့်၊ငရုတ်ကောင်းနဲ့ ခနောကြက်သားမှုန့်ထည့်ပြီး ၅မိနစ်ခန့် နယ်နှပ်ထားပါမယ်။
-
အသားထဲ အမွှေးအကြိုင်တွေစိမ့်ဝင်သွားပြီဆိုမှ အဲ့ဒီအိုးထဲ ရေတစ်လီတာထည့်ကာ မီးပြင်းပြင်းနဲ့ရေခမ်းချိန်ထိပြုတ်ထားပါမယ်။
-
ရေခမ်းချိန်မှ ပြုတ်ထားတဲ့ အသားတွေကိုထုတ်ပြီး အသားမျှင်နည်းနည်းဖြဲကာ အအေးခံထားပါမယ်။
-
ဆီကိုအိုးမကပ်တဲ့ ဒယ်အိုးထဲထည့်၊ပူအောင်တည်ပြီး ခုနက အမဲသားတွေကို ဆီထဲ ထည့်ကြော်ပါမယ်။
-
အမဲသားတွေ အပြင်ရောင်ညိုလာပြီးကြွပ်လာပြီဆိုတာနဲ့ အိုးထဲကနေ ထုတ်ပြီး အရသာရှိတဲ့ အမဲသားကြွပ်ကြော်လေးကို ဆီဆားနယ်ထားတဲ့ ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent