အနံ့နဲ့တင် စားချင်စိတ်ဖြစ်စေမယ့် တူစုံမောင်နှံကြက်တောင်ပံဟင်းလျာ

အနံ့နဲ့တင် စားချင်စိတ်ဖြစ်စေမယ့် တူစုံမောင်နှံကြက်တောင်ပံဟင်းလျာ

50 မိနစ်

3 ဦးစာ

အလယ်အလတ်

နာမည်လေးအတိုင်း စိတ်ဝင်စားဖို့ကောင်းပြီး အရသာရှိစေမယ့် တူစုံမောင်နှံကြက်တောင်ပံဟင်းလျာချက်နည်းလေးကို မိတ်ဆက်ပေးမယ်နော်။ ကြက်သားဟင်းကိုမှ တစ်မျိုးနဲ့တစ်မျိုး မရိုးအောင်ချက်စားချင်တဲ့ အိမ်ရှင်မတွေအတွက်လည်း အဆင်ပြေတာပေါ့။ ကြက်တောင်ပံကိုမှ အရသာရှိအောင်ချက်ထားတာမို့ အိမ်သားတွေလည်း အကြိုက်တွေ့မယ်လို့ထင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၃၀ ကျပ်သား
  • ကြက်သွန်နီ ၃ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ငရုတ်သီးခွဲခြမ်း ထမင်းစားဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၅ ဇွန်းဝက်
  • နနွင်းမှုန့် အနည်းငယ်
  • ပဲဆီသန့် ထမင်းစားဇွန်း ၂ ဇွန်းဝက်
  • ဆား လက်ဖက်စားဇွန်း ၁ ဝက်
  • ငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းဖြူစေ့ လက်ဖက်စားဇွန်း ၁ ဝက်
  • ဇီယာစေ့ လက်ဖက်စားဇွန်း ၁ ဝက်
  • နံနံစေ့ လက်ဖက်စားဇွန်း ၁ ဝက်
  • ပတဲကော လက်တဆစ်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဦးဆုံး ကြက်တောင်ပံတွေကို ဆေးကြောသန့်စင်ပြီး ဆူးချွန်လေးတွေနဲ့ ထိုးဆွထားပါ။

  2. ငရုတ်ကောင်းဖြူစေ့၊ နံနံစေ့၊ ဇီယာစေ့လေးတွေကို မညက်တညက်ထောင်းထားပါ။ ပတဲကောတွေကို ပါးပါးလှီးထားပါ။

  3. ပြီးရင်တော့ ကြက်တောင်ပံလေးတွေကို ဇလုံတစ်လုံးထဲထည့်ကာ ခနောကြက်သားမှုန့် (လက်ဖက်စားဇွန်း - ၃ ဇွန်းခွဲ)၊ ဆား၊ ငရုတ်ကောင်းဖြူစေ့၊ ဇီယာ၊ နံနံစေ့၊ ပတဲကောတို့နဲ့ သမအောင်နယ်ပြီး နှပ်ထားပါ။

  4. ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကို ထောင်းထားပေးပါ။ ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ၊ နီကို နနွင်းမှုန့်လေးထည့်ကာ ဆီသတ်ပေးပါ။

  5. ကြက်သွန်လေးတွေ နွမ်းလာပြီဆိုရင်တော့ ငရုတ်သီးခွဲခြမ်း၊ ငံပြာရည်၊ ဟင်းခတ်အမွှေးအကြိုင်တွေ နယ်ထားတဲ့ ကြက်တောင်ပံလေးတွေ ထည့်ပြီးမွှေပေးပါ။

  6. ကြက်တောင်ပံလေးတွေ နူးလာဖို့အတွက် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပေးပါ။

  7. မိနစ်အနည်းငယ်ကြာသွားရင်တော့ အရည်လေးတွေလည်းခမ်း၊ ကြက်တောင်ပံလေးတွေလည်း နူးအိလာပါလိမ့်မယ်။

  8. ပြီးရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်ရင် ခနောကြက်သားမှုန့်ထပ်ထည့်ကာ အရသာရှိစွာ စားသုံးနိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent