အဆာပြေစားစရာ ဂေါ်ရခါးသီးတန်ပူရာ

အဆာပြေစားစရာ ဂေါ်ရခါးသီးတန်ပူရာ

15 မိနစ်

2 ဦးစာ

လွယ်သော

ကျွန်တော်ငယ်ငယ်တည်းက ဘူးသီးကြော်အစား ကျွန်တော်ရွေးချယ်ဖြစ်တာ ဂေါ်ရခါးသီးကြော်ပါပဲဗျာ။ ဘာလို့လဲဆို ဂေါ်ရခါးသီးကိုရှည်မျောမျောလေးလှီး၊ တန်ပူရာနှစ်လေးနဲ့နယ်၊ ဆီသန့်သန့်လေးနဲ့ မွှေးမွှေးလေးကြော်တဲ့ ဂေါ်ရခါးသီးတန်ပူရာ (Chayote Recipes) အရမ်းကောင်းတာသိနေလို့ပါ။ ခုလည်း နေ့လယ်နေ့ခင်း အဆာပြေ ဂေါ်ရခါးသီးတန်ပူရာလေးကြော်ဖို့ ပြင်ဆင်နေပါပြီ။ ဆယ်မိနစ်လောက်ပဲ အချိန်ပေးရတာဆိုတော့ အချိန်ကုန်မခံချင်တဲ့ ကျွန်တော်နဲ့တော့ကွက်စတိပါပဲ။

ပါဝင်ပစ္စည်းများ

  • ဂေါ်ရခါးသီး ၂ လုံး (အရှည်လိုက်လေးတွေ လှီးထားပါ)
  • ဆီ ၂၀၀ မီလီလီတာ
  • ခနောကြက်သားမှုန့် လဘက်ရည်ဇွန်း ၁ ဇွန်း
  • တန်ပူရာမှုန့် ထမင်းစားဇွန်း ၅ ဇွန်း
  • ရေ ၅၀ မီလီလီတာ

အချဥ်ရည်ပြုလုပ်ရန်

  • မန်ကျည်းရည် ၈၀ ဂရမ်
  • ငရုတ်သီးစိမ်း ၅ တောင့် (ထောင်းထားပါ)
  • ကြက်သွန်ဖြူ ၃ မွှာ (ထောင်းထားပါ)
  • ထန်းလျက် တစ်ခဲရဲ့ တစ်ဝက်
  • နံနံပင် ၃ ပင် (ပါးပါးလှီးထားပါ)
  • ချင်း ၁ ပြား
  • ငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း
  • ရေ ၂၅ မီလီလီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပန်းကန်လုံးတစ်လုံးထဲမှာ ခနောကြက်သားမှုန့်၊ တန်ပူရာမှုန့် ထမင်းစားဇွန်း ၃ ဇွန်းနဲ့ ရေ ၅၀ မီလီလီတာထည့်ပြီး မွှေထားပေးပါ။

  2. ဒယ်အိုးကို မီးပြင်းပြင်းအပူပေးထားပြီး ဆီထည့်ပါ။ ဂေါ်ရခါးသီးအချောင်းလေးတွေကို အပေါ်က နယ်ထားတဲ့ မုန့်နှစ်ထဲ နှစ်၊ ပြီးရင် တန်ပူရာမှုန့် ထမင်းစားဇွန်း ၂ဇွန်းထည့်ထားတဲ့ခွက်ထဲ ထပ်လူးပေးပြီး အိုးထဲထည့်ကာ တစ်ဖက်ကို ၁မိနစ်-၂ မိနစ်လောက် ကြော်ပေးပါ။ အိုးမကျပ်အောင် ဂရုစိုက်ပေးပါနော်။ ရွှေညိုရောင်သန်းလာတဲ့အခါ ဆီစစ်ပြီး ဖယ်ထားပါ။

  3. အချဥ်အတွက် ကြက်သွန်ဖြူ၊ ထန်းလျက်နဲ့ ဂျင်းတို့ကို ညက်အောင် ထောင်းထားပါ။ ပြီးရင် မန်ကျည်းရည်နဲ့ ငံပြာရည်ရောပြီး ထောင်းထားတဲ့အနှစ်တွေ ထည့်ပါ။ လှီးထားတဲ့ နံနံပင်နဲ့ ငရုတ်သီးစိမ်းလေးထည့်ပြီး မွှေပေးပါ။

  4. ဂေါ်ရခါးသီးတန်ပူရာပူပူလေးကို အချဥ်နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent