
အစိမ်းကြော်တစ်ခွက်နဲ့ အရံဟင်းလေး ဖြည့်မယ်
5 မိနစ်
4 ဦးစာ
လွယ်သော
မိသားစုထမင်းဝိုင်းထဲမှာ အစိမ်းကြော်တစ်ခွက်က မကြာခဏပါဝင်လေ့ရှိပြီး ကိုယ်ကြိုက်နှစ်သက်ရာ အသီးအနှံ၊ အသီးအရွက်တွေကို ရွေးချယ်ထည့်နိုင်ပြီး အချိန်တိုအတွင်းပြင်ဆင်ချက်ပြုတ်နိုင်တဲ့အတွက်လည်း ဖြစ်ပါတယ်။ အရောင်အသွေးစုံလင်သလို အာဟာရပြည့်ဝပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင် B6နဲ့ အမျှင်ဓာတ်၊ ပရိုတိန်း၊ ဗီတာမင်အီးတွေ ပါဝင်တဲ့ အစိမ်းကြော်တစ်ခွက်ကို စားချင့်စဖွယ်ဖြစ်အောင်အခုလိုကြော်လှော်နိုင်ပါတယ်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*
ပါဝင်ပစ္စည်းများ
- Babycorn ၆ တောင့်
- ဘိုစားပဲ ၃ တောင့်
- ရွှေပဲသီး ၅ တောင့် (Baby corn နဲ့ ပဲသီးလေးတွေကို ၂ မိနစ်ခန့်ပြုတ်ပြီး ဆယ်ပါ။ ရေအေးထဲစိမ်ပြီး ကြိုတင်လှီးထားပေးပါ)
- မုန်ညင်းဖြူ ၁၂၅ ဂရမ် (မထူမပါးလှီးထားပြီး)
- မုန်ညင်းစိမ်း ၁၅၀ ဂရမ် (မထူမပါးလှီးထားပြီး)
- ဘရိုကိုလီ (ပန်းပွင့်စိမ်း) ၁၂၅ ဂရမ် (ခြွေထားပြီး)
- မုန်လာဥနီ ၁ လုံး (အခွံနွှာပြီးနှစ်သက်သလိုလှီးထားပါ)
- ငရုတ်ပွသီး အနီ တစ်ခြမ်း (အူတိုင်ထုတ်ပြီး အသားချည်းပဲရှည်ရှည်လှီးထားပါ)
- ငရုတ်ပွသီးအဝါ တစ်ခြမ်း (အူတိုင်ထုတ်ပြီး အသားချည်းပဲရှည်ရှည်လှီးထားပါ)
- ကြက်သွန်ဖြူ ၃ မြွှာ (ထောင်းထားပါ)
- ဆီ ထမင်းစားဇွန်း ၃ ဇွန်း
- ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အပျစ် ထမင်းစားဇွန်း ၁ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဒယ်အိုးထဲကိုဆီထည့်ပြီး ဆီဆူလာတဲ့အခါ ကြက်သွန်ဖြူထည့်ပါ။
-
ပြီးတဲ့အခါ မုန်လာဥနီ၊ဘရိုကိုလီ၊ငရုတ်ပွသီးများအရင်ထည့်မွှေပါ။
-
မုန်ညင်းဖြူ၊ မုန်ညင်းစိမ်းထည့်ပြီး ၂ မိနစ်ခန့်မွှေပါ။
-
၂ မိနစ်ခန့်မွှေပြီးတဲ့အခါ ပြုတ်ထားတဲ့အသီးအနှံများထည့်ပြီး ခနောကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်တို့ထည့်ကာ မွှေပေးပါ။
-
အစိမ်းကြော် ပူပူလေးကို အိုးထဲမှ ချပြီး သုံးဆောင်နိုင်ပါပြီ။
-
ထမင်းဒါမှမဟုတ် ကစီဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေ ဖြည့်ဆည်းနိုင်ဖို့ အစိမ်းကြော်တစ်ခွက်ကြော်စားကြပါစို့နော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent