
အချိန်တိုင်း ထမင်းမြိန်စေမယ့် ခရမ်းချဥ်သီးငါးပိချက်
10 မိနစ်
4 ဦးစာ
လွယ်သော
အိမ်မှာ ထမင်းစားကောင်းတဲ့နေ့ဆိုတာ ငါးပိချက်ကောင်းကောင်းလေးတစ်ခွက်ကို အတို့အမြုပ်လေးနဲ့နယ်ဖတ်စားရတဲ့နေ့တွေပါပဲ။ငါးပိချက်ကတော့ ထမင်းဝိုင်းတွေမှာ ဘုရင်လို့ ပြောရလောက်အောင်ကိုမြန်မာလူမျိုးတွေအကြိုက်ပါ။ဒါ့ကြောင့် ဒီတစ်ခါတော့ ခရမ်းချဉ်သီးငါးပိချက်လေးကို ဘယ်လိုအရသာရှိအောင် လုံးချက်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။
ပါဝင်ပစ္စည်းများ
- ခရမ်းချဥ်သီး ၁ဝ လုံး
- ကြက်သွန်ဖြူ ၁ မြွှာ
- ကြက်သွန်နီ ၂ လုံး
- မျှင်ငါးပိ ထမင်းစားဇွန်း ၁ ဇွန်း
- ငရုတ်သီးနီတောင့်ရှည် ၁၀ တောင့်
- ဆီ ၃ ကျပ်သား
- ပုစွန်ခြောက်မှုန့် ၅ ကျပ်သား
- နံနံပင် ၁၀ ပင်
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- ရေ ထမင်းစားဇွန်း ၁၀ ဇွန်း
- ရေ ထမင်းစားဇွန်း ၅ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံးကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ငရုတ်သီး၇တောင့်ခန့်ကို ရောပြီး ညက်အောင် ထောင်းပါ။ခရမ်းချဉ်သီးတွေကိုလည်း အတုံးခပ်စိပ်စိပ်နုပ်နုပ်စင်းထားပါ။
-
အိုးပေါ် ဆီပူအောင်တည်ပြီး နနွင်းခတ်ကာ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီးဆီသတ်ပါ။
-
ပြီးတာနဲ့ ခနောကြက်သားမှုန့်နဲ့ ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး ခရမ်းချဉ်သီးပါ တစ်ခါတည်းထည့်မွှေပါ။ခရမ်းချဉ်သီးနူးအောင် ရေထမင်းစားဇွန်း၁၀ဇွန်းခန့်ထည့်ကာ အိုးဖုံးဖုံးပြီး နှပ်ထားပါ။
-
၅မိနစ်ခန့်အကြာ ဆီပြန်လာမှ အိုးဖုံးဖွင့်ပြီး ငါးပိကို ရေထမင်းစားဇွန်း ၅ ဇွန်းစာခန့် ဖျော်ထည့်ပါ။
-
နောက်ဆုံးတဖြည်းဖြည်း ရေခမ်းတဲ့ထိမွှေရင်း ရေခမ်းမှ ပုစွန်ခြောက်မှုန့်ထည့်ပြီး နံနံပင်နဲ့ကျန်ငရုတ်သီးတောင့်တွေအုပ်ပါ။
-
ပြီးတာနဲ့ အရောင်အနံ့အရသာရှိတဲ့ ခရမ်းချဉ်သီးငါးပိချက်မွှေးမွှေးစပ်စပ်လေးကို ထမင်းနဲ့ နယ်ဖတ်စားနိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent