
အကုန်အကျလည်းသက်သာ၊ ဗိုက်လည်း ဝတဲ့ ထမင်းသုပ်လုပ်နည်း
40 မိနစ်
4 ဦးစာ
လွယ်သော
ဒီတစ်ပတ်တနင်္ဂနွေလေးမှာ ဈေးလည်းပိတ်တုန်း ဟင်းစားမဝယ်ဖြစ်တာနဲ့ မိသားစုအကုန်တစ်ညီတစ်ညွတ်တည်းတိုင်ပင်ဖြစ်တာက အိမ်မှာအန်တီအမြဲသုပ်ပေးနေကျမိသားစုအသည်းစွဲထမင်းသုပ်ချဉ်ငန်စပ်လေးသုပ်စားကြဖို့ပါပဲ။ဟင်းတွေ တကူးတကမချက်ဖြစ်တဲ့နေ့ဆို ဆီချက်နံ့မွှေးမွှေးနဲ့ သုပ်ထားတဲ့ ထမင်းသုပ်လေးကို တစ်အိမ်သားလုံးခေါင်းမဖော်တမ်းစားနေကျဆိုတော့ ဒီတစ်ခါ ထမင်းသုပ်ချဉ်ငန်စပ်လေးသုပ်စားဖို့ ဘယ်လိုအရသာရှိအောင် ပြင်ဆင်ရမလဲဆိုတာပါ တစ်ခါတည်းပြောပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ချက်ပြီးသားထမင်း ၃ ခွက်စာ
- ဆီ ၆၀ မီလီလီတာ
- ကြက်သွန်နီ ၄ လုံး (လှီးထားပါ)
- ပဲမှုန့် ထမင်းစားဇွန်း ၃ ဇွန်း
- ငရုတ်သီးမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- ငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း
- မန်ကျည်းရည် ထမင်းစားဇွန်း ၅ ဇွန်း
- ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- အာလူး ၁၆၀ ဂရမ် (ပြုတ်ထားပါ)
- ခရမ်းချဥ်သီး ၂ လုံး (ပါးပါးလှီးထားပါ)
- ပုစွန်ခြောက် ၃၂ ဂရမ်
- ငရုတ်သီးစိမ်း ၁၀ တောင့် (အစပ်ကြိုက်၊ မကြိုက်ပေါ်မူတည်ပြီး)
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံးအာလူးပြုတ်ကိုအခွံနွှာပြီးမကြေ့တကြေလေးချေထားပါ။
-
ပြီးတာနဲ့ဆီကိုအပူပေးပြီးနနွင်းထည့်ပါမယ်။ဆီကျက်တာနဲ့ကြက်သွန်နီထည့်မွှေကာကြွပ်အောင်ကြော်ပါ။
-
ရလာတဲ့ဆီချက်ကိုပန်းကန်လုံးတစ်ခုထဲခဏအအေးခံထားပါ။
-
ထမင်းကိုဇလုံတစ်ခုထဲထည့်ပြီးအာလူးပြုတ်၊ပဲမှုန့်၊ငရုတ်သီးမှုန့်၊ကြက်သားမှုန့်၊ငံပြာရည်၊မန်ကျည်းရည်၊ ပုစွန်ခြောက်မှုန့်၊ ပုစွန်ခြောက်နဲ့ လှီးထားတဲ့ ခရမ်းချဥ်သီး လေးပုံသုံးပုံတို့ထည့်ပါ။
-
ပြီးမှဆီချက်ကိုထည့်ပြီးထမင်းနဲ့ရောနယ်ပါ။
-
ပြီးမှ အပေါ်ကနေ ကျန်ခရမ်းချဥ်သီးစိတ်လေးတွေ အလှဆင်ပြီး ငရုတ်သီးစိမ်းလေးကိုက်ကာ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent