ဟင်းတွေ စားရတာ ရိုးရင် ယိုးဒယားထမင်းကြော်လေး ကြော်စားကြည့်ကြမယ်

ဟင်းတွေ စားရတာ ရိုးရင် ယိုးဒယားထမင်းကြော်လေး ကြော်စားကြည့်ကြမယ်

10 မိနစ်

1 ဦးစာ

အလယ်အလတ်

ဗိုက်ပြည့်စေတဲ့အကောင်းဆုံးသော ရွေးချယ်မှုက ထမင်းကြော်ပါပဲ။ အားလုံးအကြိုက်တွေ့နိုင်တဲ့ နေ့တိုင်းလိုလို ထမင်းဖြူနဲ့ဟင်းပဲစားနေရတယ်ဆိုရင် အချိန်ကြာတဲ့အခါ ရိုးအီငြီးငွေ့လာတတ်ပါတယ်။ ဒီလို ထမင်းနဲ့ဟင်းတွေစားရတာငြီးငွေ့လာချိန်မျိုးမှာ အာဟာရလည်းရှိ ဗိုက်လည်းပြည့်စေတဲ့အကောင်းဆုံးသော ရွေးချယ်မှုက ထမင်းကြော်ပါပဲ။ ဒါကြောင့် အားလုံးအကြိုက်တွေ့နိုင်တဲ့ ယိုးဒယားထမင်းကြော် ကြော်နည်းလေးကို How to Cook Team ကမျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်းဖြူ ၂၀၀ ဂရမ်
  • ကြက်သွန်ဖြူ ၂ မြွှာ (ညက်အောင် ထောင်းထားပါ)
  • ကြက်သွန်နီ ၁ လုံး (နုတ်နုတ်စင်းထားပါ)
  • စင်းထားပြီးသော ကြက်သား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်အူချောင်း ၂ ချောင်း (ကြော်ပြီး ခပ်စွေစွေလှီးထားပါ)
  • သီဟိုဠ်စေ့လှော် ၈ ခြမ်း
  • ပန်းပွင့်စိမ်း ၂ ခက် (ရေဆေးပြီး ခပ်သေးသေးဖဲ့ချွေထားပါ)
  • ပင်စိမ်းရွက် ၁ ခက် (အရွက်ခြွေပြီး ရေဆေးသန့်စင်ထားပါ)
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၂ ဇွန်း
  • ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးစိမ်း ၁ တောင့် (ခပ်စွေစွေလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဆီ ထမင်းစားဇွန်း ၃ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ထမင်းကို ပဲငံပြာရည်အကြည်၊ အနောက်၊ ခနောကြက်သားမှုန့်တို့နဲ့သမအောင်နယ်ထားပေးပါ။ အိုးထဲကိုဆီထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီရောနှောဆီသတ်ကာ ကြက်သားကိုထည့်ပေးပါ။

  2. ကြက်သားကျက်ရင် ပန်းပွင့်စိမ်းထည့်ပေးပါ။ ၁ မိနစ်ခန့်ကြာတဲ့အခါ နယ်ထားတဲ့ထမင်းကိုထည့်ပေးလိုက်ပါ။

  3. ထမင်းကိုခပ်ဖွဖွသမအောင်မွှေပြီး ပင်စိမ်းနဲ့ငရုတ်သီးထည့်မွှေပေးပါ။ အနံ့မွှေးလာရင် ငရုတ်ကောင်းထည့်မွှေလိုက်ပြီး ပန်းကန်လုံးတစ်ခုတည်းခူးထည့်လိုက်ပါ။

  4. ထမင်းခူးထားတဲ့ ပန်းကန်လုံးကို ပန်းကန်ပြားပေါ်မှောက်ချလိုက်ပါ။ ထမင်းကြော်ပေါ်ကို ကြက်အူချောင်းကြော်၊ သီဟိုဠ်စေ့လှော်တို့နဲ့အလှဆင်ပြီး သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

  5. ချက်ပြုတ်ရတာလည်းလွယ်ကူ အရသာလည်းရှိတဲ့ ယိုးဒယားထမင်းကြော်လေးကို အားလုံးနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent