သူကြီးမင်းတွေကြိုက်နှစ်သက်ခဲ့တဲ့ ကြက်သားဟင်း

သူကြီးမင်းတွေကြိုက်နှစ်သက်ခဲ့တဲ့ ကြက်သားဟင်း

45 မိနစ်

3 ဦးစာ

အလယ်အလတ်

နာမည်လေးအတိုင်း နန်းဆန်ပြီး မြန့်မာ့အငွေ့အသက်ကို အပြည့်အဝရရှိစေမယ့် ကြက်သားဟင်းချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။ မြန်မာတို့အကြိုက် ဗမာကြက်ကို အသုံးပြုထားပြီး ချက်ပြုတ်နည်းကလည်း လွယ်ကူရိုးရှင်းတာမို့ အိမ်ရှင်မတို့လည်း အကြိုက်တွေ့စေမှာပါနော်

ပါဝင်ပစ္စည်းများ

  • ဗမာကြက် ၃၀ ကျပ်သား
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ကြက်သွန်ဖြူ ၃ မွှာ
  • ကြက်သွန်နီ ၂ လုံး
  • ငရုတ်သီးခွဲခြမ်း လက်ဖက်စားဇွန်း ၂ ဇွန်းခွဲ
  • ဆီ ထမင်းစားဇွန်း ၃ ဇွန်းခွဲ
  • ဆား လက်ဖက်စားဇွန်း ၁ ဝက်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး ကြက်သားကို ရေစင်အောင်ဆေးပြီး နှစ်သက်သလို အတုံးလေးများတုံးကာ ခနောကြက်သားမှုန့်နဲ့ နယ်ပြီး အရသာသွင်းထားပါ။

  2. ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို နနွင်းမှုန့်လေးနဲ့ အရောင်သွင်းကာ ထောင်းထားပေးပါနော်။

  3. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီဆူလာရင်တော့ ထောင်းထားတဲ့ ကြက်သွန်အနှစ်တွေကို ဆီသတ်ပါ။

  4. ကြက်သွန်ဖက်လေးတွေ နွမ်းလာရင်တော့ ငရုတ်သီးခွဲခြမ်းလေးထည့်ပြီး ဆီသတ်ပေးပါ။

  5. ဆီသတ်နံ့လေးမွှေးလာရင်တော့ အရသာသွင်းထားတဲ့ ကြက်သားလေးတွေထည့်ပြီး မွှေကာချက်ပေးပါ။

  6. ဗမာကြက်လေးတွေ နူးဖို့အတွက် ရေထည့်ပြီး အဖုံးအုပ်ထားပေးပါနော်။

  7. ဆီပြန်လာရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပြီး လိုအပ်ရင် ခနောကြက်သားမှုန့်နဲ့ ဆားထပ်ထည့်ပေးပါ။

  8. ဗမာကြက်က အကြောခပ်တင်းတင်းမို့ နှစ်ရေလောက်နူးဖို့တော့ လိုအပ်ပါတယ်နော်။ ပြီးရင်တော့ ရိုးရှင်းပြီး အရသာရှိတဲ့ သူကြီးမင်းတွေအကြိုက် ကြက်သားဟင်းလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent