
သားသားမီးမီးတို့အကြိုက် သီးစုံချိုချဥ်ကြော်
35 မိနစ်
4 ဦးစာ
အလယ်အလတ်
ကလေးတွေဆိုတာ အသီးအရွက်ကို ဒီတိုင်းကျွေးရင်များ ကမ္ဘာပျက်မလိုဘဲ ငြင်းဆန်ကြတာ။အဲ့ဒါကြောင့် အသီးအရွက်ကို ဘယ်လိုများ သူတို့လေးတွေရော အိမ်ကလူကြီးမိဘတွေပါ ကြိုက်အောင်ခဏခဏစားဖြစ်အောင်ချက်ရမလဲလို့ စဉ်းစားလိုက်တဲ့အခါဒီသီးစုံချိုချဉ်ကြော်လေးကို တွေ့ရှိခဲ့ပါလေရောလေ။ ကဲ...ကိုယ့်လိုအိမ်ရှင်မတွေရောစိတ်ဝင်စားနေပြီမလား?ဒါဆိုရင်တော့ဆိုင်တွေမှာဈေးကြီးပေးရတဲ့သီးစုံချိုချဉ်ကြော်လေးဘယ်လိုချက်ကြမလဲသိအောင်လိုတာလေးတွေတူတူဝယ်ချက်လိုက်ကြရအောင်။
ပါဝင်ပစ္စည်းများ
- ကြက်သားရင်အုံသား ၃၀ ကျပ်သား (၄၉၀ ဂရမ်)
- ကြက်သွန်နီ ၃ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ အမွှာကြီး ၁ မွှာ (ထောင်းထားပါ)
- ကြက်သွန်ဖြူ ၃ စိတ်
- ချင်း ခပ်ပါးပါး ၇ ပြား (ထောင်းထားပါ)
- မုန်လာဥနီ ၁ တောင့် (ပါးပါးလှီးထားပါ)
- ဂေါ်ဖီပန်းပွင့် ၁၅ ကျပ်သား (ရေဆေးပြီး ခြွေထားပါ)
- ငရုတ်ပွလှော်တောင့် ၅ တောင့်
- ငရုတ်နီအခြောက်တောင့် ၅ တောင့်
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
- ခရုဆီ ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ခရမ်းချဥ်သီးဆော့စ် ထမင်းစားဇွန်း ၃ ဇွန်း
- ငရုတ်ဆော့စ် ထမင်းစားဇွန်း ၁ ဇွန်း
- ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
- ရှာလကာရည် ထမင်းစားဇွန်း ၁ ဇွန်း
- ရွှေပဲတောင့် ၁၀ ကျပ်သား (၂ ပိုင်းပိုင်းထားပါ)
- ပြောင်းဖူးသေး (Baby corn) ၅ ကျပ်သား (အနေတော်လှီးထားပါ)
- ခရမ်းချဥ်သီး ၂ လုံး (အနေတော်လေးတွေ စိတ်ထားပါ)
- ကော်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ကြက်ဥ ၁ လုံး
- သကြား ထမင်းစားဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် လဘက်ရည်ဇွန်း တစ်ဝက်
- ဆီ ၁၀ ကျပ်သား
- ရေ ၅၀ မီလီလီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံးကြက်သားကိုအတုံးလေးတွေလှီးပြီးကြက်သွန်ဖြူထောင်းထားတာထည့်နယ်၊ချင်းထောင်းထားတဲ့အရည်ညှစ်၊ခနောကြက်သားမှုန့် (ထမင်းစားဇွန်း တစ်ဝက်ရဲ့ ၃ပုံ၁ပုံ) ဖြူး၊သကြားထည့်၊ငရုတ်ကောင်းထည့်ပြီး ကြက်ဥခလောက်ထားတဲ့အနှစ်ပါထည့်မွှေပြီးအဆုံးမှကော်မှုန့်တစ်ဇွန်းစာထည့်၊ နှံ့အောင် မွှေရင်း ရေခဲသေတ္တာထဲ၁၀မိနစ်ခန့်နှပ်ထားပေးပါ။
-
ခရမ်းချဉ်ဆော့၊ငရုတ်ဆော့စ်တို့ကိုရှာလကာရည်၊သကြား၊ခနောကြက်သားမှုန့်အနည်းငယ်( ထမင်းစားဇွန်း တစ်ဝက်ရဲ့ ၃ပုံ၁ပုံ )နဲ့ခရုဆီ၊ပဲငံပြာရည်၊ကော်မှုန့်တို့ထည့်ပြီး ရေ ၅၀ မီလီလီတာခန့် ထည့်မွှေထားပေးပါ။
-
ပထမဆုံးဆီကိုမီးအလယ်အလတ်ထားပြီးနှပ်ထားတဲ့ကြက်သားတွေကြော်ပါမယ်။ကျက်တာနဲ့ဆီစစ်ပြီးပန်းကန်တစ်ခုထဲထည့်ထားပါ။
-
အဲ့ဒီဆီထဲကိုပဲကြက်သွန်ဖြူ၃စိတ်ခန့်အနည်းငယ်ထောင်းပြီး ထည့်ပါ။ပြီးတာနဲ့ခရမ်းချဉ်သီးကလွဲပြီးကျန်တဲ့အသီးအနှံတွေနဲ့ငရုတ်ပွ၊ငရုတ်နီတွေထည့်ပါမယ်။ခနောကြက်သားမှုန့်အနည်းငယ်( ထမင်းစားဇွန်း တစ်ဝက်ရဲ့ ၃ပုံ၁ပုံ )ထည့်ပါ။အသီးတွေနည်းနည်းနွမ်းတာနဲ့ဖျော်ထားတဲ့ဆော့စ်အနှစ်ကို ထည့်ပါ။
-
နောက်ဆုံးဆီကျန်ရေကျန်အချိန်မှာကြက်သားတုံးလေးတွေနဲ့ခရမ်းချဉ်သီးတူတူထည့်ပါ။ရေခမ်းပြီးအနှစ်ခပ်စေးစေးလေးကျတဲ့ထိခပ်ဖွဖွမွှေပါ။ အသားတွေထဲထိအနှစ်ဝင်ပြီးအကုန်နူးအိလာတဲ့အနေအထားရောက်မှအိုးပေါ်ကနေပန်းကန်ထဲထည့်ပြီးတည်ခင်းကျွေးလိုက်ရင်အရမ်းအရသာရှိတဲ့သီးစုံချိုချဉ်ကြော်လေးကြောင့်ကလေးတွေထမင်း၂ပန်းကန်လောက်အသာလေးစားနိုင်မှာအသေအချာပဲပေါ့ရှင်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent