
ဝက်နံရိုးကြံမဆိုင်ဟင်းတစ်ခွက် ဘယ်လိုချက်မလဲ
30 မိနစ်
4 ဦးစာ
အလယ်အလတ်
၀က်နံရိုးကောင်းကောင်းလေးများရရင် အိမ်ရှင်မတွေမျက်လုံးထဲပြေးမြင်မိတာက ကြံမဆိုင်လေးနဲ့ရောပြီး ချဉ်စပ်လေးချက်ဖို့ပါပဲ။ ဝက်နံရိုးအတွင်းကထွက်လာတဲ့ အဆီအနှစ်နဲ့ချိုမြမှုရယ်၊ ချဉ်ပြုံးပြုံးမုန်ညင်းကြံမဆိုင်ရယ် ပေါင်းစပ်မှုက အိမ်သားအားလုံးကို လျှာလည်သွားစေနိုင်ပါတယ်။ ဒါကြောင့် အစ်မက ဝက်နံရိုးကြံမဆိုင်ဟင်းတစ်ခွက်ကို ဘယ်လိုအရသာရှိရှိ၊ မြန်မြန်ဆန်ဆန် ချက်ပြုတ်နိုင်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်နံရိုး ၃၀ ကျပ်သား (ရေဆေးသန့်စင်ပြီး ခနောကြက်သားမှုန့်စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာနယ်ထားပါ)
- ကြံမဆိုင် ၃ ပင် (တစ်လက်မခွဲအရွယ် လှီးထားပါ)
- ချင်း ၁ လက်မ (ညက်အောင် ထောင်းထားပါ)
- ကြက်သွန်ဖြူ ၃ မွှာ (ညက်အောင် ထောင်းထားပါ)
- ကြက်သွန်နီ တစ်ခြမ်း (ညက်အောင် ထောင်းထားပါ)
- ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- ဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ငရုတ်သီးစိမ်း ၃ တောင့် (မညက်တညက်ထောင်းထားပါ)
- ရေ ၆ ခွက် (၁၅၀၀ မီလီလီတာ)
ချက်ပြုတ်ပြင်ဆင်ပုံ
-
အိုးထဲကို ဆီထည့်ပြီးဆီဆူလာတဲ့အခါ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ထည့်ပါ။ ဝက်နံရိုးများထည့်ကာ မွှေးရနံ့ထွက်လာအောင် ဆီသတ်ပေးပါ။
-
ရေ ၆ ခွက်ထည့်ပြီး အဖုံးအုပ်ကာ ဆူအောင်တည်ပါ။ ရေဆူလာချိန် ဝေ့တက်လာတဲ့အဆီလေးတွေကို ဇွန်းနဲ့ဖယ်ပေးပါ။
-
မိနစ် ၂၀ ခန့်တည်ပြီး ဝက်နံရိုးနူးလာချိန်မှာ ကြံမဆိုင်ထည့်ပါ။ ပဲငံပြာရည်ထည့်ပါ။ ခနောကြက်သားမှုန့်လေးထည့်ပေးပါ။
-
မီးပိတ်ခါနီးအချိန်မှာ ငရုတ်သီးစိမ်းလေးထည့်ပေးပါ။ ခုဆိုရင်တော့ ဝက်နံရိုးနူးနူးအိအိနဲ့ ချိုချဉ်စပ်မွှေးတဲ့ ကြံမဆိုင်ဟင်းရည်လေးကို ရပါပြီနော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent