
လျှာလည်သွားစေမယ့် ငါးခူအချဉ်ဆီပြန်
30 မိနစ်
3 ဦးစာ
အလယ်အလတ်
ဒီတစ်ခေါက်မှာတော့ အသားဟင်းမစားချင်သူများအတွက် ထမင်းမြိန်စေမယ့် ငါးခူအချဉ်ဆီပြန် ဟင်းချက်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ပြင်ဆင်ရတာလဲ အချိန်မကြာပဲ လွယ်ကူသက်သာတဲ့ ဟင်းလေးမို့လို့ အိမ်ရှင်မတို့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။
ပါဝင်ပစ္စည်းများ
- ငါးခူ ၅၀ ကျပ်သား
- ငါးကျည်းခြောက် ၆ ကျပ်သားခန့်
- ကြက်သွန်နီ ၁၀ တက်
- ကြက်သွန်ဖြူ ၁၀ တက်
- ချင်း ၃ ကျပ်သား
- ငရုတ်ပွခြောက် ၅ တောင့်
- ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ပဲဆီသန့် ထမင်းစားဇွန်း ၅ ဇွန်း
- မန်ကျည်းနှစ် ထမင်းစားဇွန်း ၃ ဇွန်း
- စပါးလင် ၃ ပင်
- ခရမ်းချဉ်သီး ၁၀ ကျပ်သား
- နံနံပင် အနည်းငယ်
- ငရုတ်သီးစိမ်း ၁၀ တောင့်
- သံပုရာရည် ထမင်းစားဇွန်း ၁ ဇွန်း
- ရေသန့် ဝ.၅ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ငါးခူတွေကို အချွဲတွေပျောက်အောင် ဂျုံမှုန့်အနည်းငယ်နဲ့ သန့်စင်ပြီး အရိုးတွေထုတ်ကာ အသားလေးတွေ လွာထားပေးပါ။
-
ပြီးရင်တော့ သံပုရာရည်၊ ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်လေးတွေထည့်ပြီး အရသာသွင်းကာ နှပ်ထားပေးပါနော်။
-
ဟင်းအနှစ်ဖြစ်ဖို့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းနဲ့ ငရုတ်ပွခြောက်တွေကို ငါးကျည်းခြောက်လေးနဲ့ ရောထောင်းပေးထားပါ။
-
ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးတွေကိုတော့ ရေစိမ်ထားပြီး မန်ကျည်းသီးမှည့်ကိုတော့ ရေနွေးဖျောကာ အနှစ်လုပ်ထားပေးပါနော်။
-
ဒယ်အိုးထဲမှာ ဆီပူလာရင်တော့ ထောင်းထားတဲ့ အနှစ်တွေကို နနွင်းမှုန့်၊ စပါးလင်၊ ငါးငံပြာရည်တို့ထည့်ပြီး ဆီသတ်ပေးပါ။
-
ဆီသတ်နံ့လေးမွှေးလာရင်တော့ ခရမ်းချဉ်သီးထည့်ပါ။ မိနစ်အနည်းငယ်ကြာရင်တော့ ငါးခူထည့်ချက်ပြီး ဖွဖွလေးမွှေပေးပါနော်။
-
ါးခူလေးတွေ နူးလာရင်တော့ မန်ကျည်းနှစ်လေးထည့်ကာ ငရုတ်သီးစိမ်း၊ နံနံပင်တို့အုပ်လိုက်ရင်တော့ အနံ့အရသာနဲ့ ပြီးပြည့်စုံတဲ့ ငါးခူအချဉ်ဆီပြန်လေး ရပြီဖြစ်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent