
လျှာရင်းမြက်စေမယ့် နူးနူးအိအိ ငါးသလောက်ပေါင်း
60 မိနစ်
3 ဦးစာ
အလယ်အလတ်
အသီးမှာသရက်၊ အသားမှာဝက်ဆိုရင် ငါးမှာငါးသလောက်လို့ ဆိုချင်ပါတယ်နော်။ ဘာလို့လဲဆိုတော့ငါးသလောက်ကိုအရိုးနူးအောင်ကောင်းကောင်းလေးပေါင်းတတ်ချက်တတ်မယ်ဆိုရင် ပစ်ရက်စရာမရှိ တန်ဖိုးရှိလွန်းတဲ့ဟင်းလျာဖြစ်လို့ပါပဲ။ ငါးသလောက်ကိုအကောင်လည်းမပျက်အရိုးလည်းနူးအောင်ပေါင်းဖို့ဆိုတာက အချိန်အဆနဲ့ ကျွမ်းကျင်မှုရှိဖို့တော့လိုပါတယ်။ဒါကြောင့်နူးအိပြီးအရသာရှိလှတဲ့ငါးသလောက်ပေါင်းလုပ်နည်းလေးကို အားလုံးအတွက်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးသလောက်အကောင်ကြီးတစ်ကောင် ၅၀၀ ဂရမ် (ရေဆေးသန့်စင်ပြီး လေးပိုင်းပိုင်းပြီး ခနောကြက်သားမှုန့် ၁ဇွန်း၊ နနွင်း ၁ ဇွန်း၊ ရှာလကာရည်ထည့်နယ်ကာ ၃၀ မိနစ်နှပ်ထားပါ)
- ကြက်သွန်နီ ၂ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ ၃ မွှာ (ထောင်းထားပါ)
- ချင်း ၁ လက်မ (ညက်အောင် ထောင်းထားပါ)
- စပါးလင် ၃ ချောင်း (ရေဆေးပြီး အရင်းပိုင်းကိုယူ ပါးပါးလှီးကာထောင်းထားပါ) (ကျန်အပိုင်းကိုခဏဖယ်ထားပါ)
- ဥစားကြက်သွန် ၅ လုံး (အခွံနွှာ ရေဆေးထားပါ)
- ခရမ်းချဥ်သီး ၄ လုံး (လေးစိတ်စိတ်ထားပါ)
- နနွင်းမှုန့် လဘက်ရည်ဇွန်း ၂ ဇွန်း
- ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ရှာလကာရည် ထမင်းစားဇွန်း ၂ ဇွန်း
- ဆီ ထမင်းစားဇွန်း ၇ ဇွန်း
- ရေ ၂ ခွက် (၅၀၀ မီလီမီတာ)
ချက်ပြုတ်ပြင်ဆင်ပုံ
-
ချက်မယ့်အိုးထဲကို ဆီထည့်ပြီး ဆီဆူလာတဲ့အခါ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း ၊ စပါးလင်၊ တို့ထည့်ပါ။ နည်းနည်းနွမ်းလာပြီဆိုရင် နနွင်း၊ ငရုတ်သီးအရောင်တင်မှုန့်ထည့်ကာဆီသတ်ပါ။ပြီးတဲ့အခါ အရသာနယ်ထားတဲ့ငါးသလောက်တွေကို ထည့်ပေးလိုက်ပါ။ ၃ မိနစ်ခန့် မွှေးပျံ့လာအောင် ဆီသတ်ပါ။
-
Power Pressure Cooker ထဲမှာ ဖယ်ထားတဲ့ စပါးလင်အဖျားပိုင်းတွေကို ခင်းထားပေးပါ။ ဆီသတ်ထားတဲ့ငါးတွေကို အိုးထဲစီစီညီညီထည့်ပြီး ခနောကြက်သားမှုန့် ၁ ဇွန်း၊ ရေ၊ ဥစားကြက်သွန်၊ ခရမ်းချဉ်သီးတို့ ထည့်ပေးပါ။
-
မီးတစ်ဝက်အနေအထားနဲ့ အိုးကိုတည်ပါ။ Power Pressure Cooker နဲ့မို့ ၁ နာရီခန့်တည်ထားရင် လုံလောက်ပါပြီ။
-
၁ နာရီကြာလို့ အိုးဖွင့်လိုက်တဲ့အခါ နူးအိမွှေးပျံ့နေတဲ့ ငါးသလောက်ပေါင်းလေးကို ရရှိမှာဖြစ်ပါတယ်နော်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent