
ရှူးရှူးရှဲရှဲ သရက်သီးသုပ်
10 မိနစ်
2 ဦးစာ
လွယ်သော
သရက်သီးရာသီများရောက်ပြီဟေ့ဆိုတာနဲ့ ဈေးထဲက သရက်သီးတွေဝယ် စိမ်ပြေနပြေသုပ်ပြီး ငံပြာရည်၊ငရုတ်သီးမှုန့်နိုင်းချင်းနဲ့ ချဉ်ချဉ်ငန်ငန်စပ်စပ်လေးစားလိုက်ရတာနဲ့ကို အရသာကိုရှိနေရောလေ။မိန်းကလေးတိုင်း ကြိုက်တဲ့အစားအစာတွေထဲ သရက်သီးသုပ်ဆိုတာနဲ့ကို သွားရည်ကျနေမိတဲ့သူတွေအများကြီးပဲကိုး။ ဒီတစ်ခါတော့ သရက်သီးခပ်ကြီးကြီးတွေ ဈေးမှာရလာတုန်း နေ့လည်နေ့ခင်းအလုပ်လုပ်ရင်း အိပ်ချင်ပြေစားဖို့ သရက်သီးသုပ်ကို ချဉ်ငန်စပ်လေးသုပ်ဖို့ ပြင်မိပြန်ပါရောလေ။
ပါဝင်ပစ္စည်းများ
- သရက်သီး (မမှည့်မစိမ်း အနေတော်) ၂ လုံး
- ငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်းခွဲ
- အသင့်စားငါးပိထောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်သီးအကြတ်မှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- ပုစွန်ခြောက်မှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်း
- သကြား ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ကြက်သွန်နီခွာပြီးသား ၁ လုံး
ချက်ပြုတ်ပြင်ဆင်ပုံ
-
သရက်သီးကို အခွံခွာပြီး အနေတော်အထူမပါးအမျှင်လေးတွေပေါက်ကာ ရေခဲရေထဲ ခဏ စိမ်ထားပါ။ ကြက်သွန်နီကို ခပ်ပါးပါးလှီးထားပါ။
-
စိမ်ပြီးသား သရက်သီးကို သကြားနဲ့ ခနောကြက်သားမှုန့်ထည့်ပြီး နယ်ကာ၂မိနစ်လောက် နှပ်ထားပါ။
-
နှပ်ပြီးသားကိုမှ ကြက်သွန်နီ၊ ငရုတ်သီးမှုန့်၊ ငံပြာရည်၊ ပုစွန်ခြောက်မှုန့်နဲ့ ငါးပိထောင်းထည့်ပြီးနယ်ပါ။
-
ငါးပိထောင်းတွေပါ ကြေပြီး သေချာနှံ့မှ ရေခဲသေတ္တာထဲ ၁၀မိနစ်လောက် နှပ်ထားပေးနော်။
-
ပြီးတာနဲ့ အရသာရှိရှိချဉ်ငန်စပ်စပ်နဲ့ မိန်းကလေးတွေအကြိုက် သွားရည်ယိုစရာသရက်သီးသုပ်လေးကိုသုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent