ရုံးပိတ်ရက်လေးကို စိုပြည်သွားစေမယ့် မွန်ရိုးရာ ငါးသောက်ဆမ်း

ရုံးပိတ်ရက်လေးကို စိုပြည်သွားစေမယ့် မွန်ရိုးရာ ငါးသောက်ဆမ်း

5 မိနစ်

4 ဦးစာ

လွယ်သော

ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဆို မိသားစုဝင်အားလုံးအိမ်မှာစုံတာဆိုတော့ ကျွန်မအတွက် မမောနိုင်မပန်းနိုင် အိုးသူကြီးလုပ်တဲ့နေ့ပါပဲ။ ဒီလိုနေ့မျိုးဆို မိသားစုဝင်အားလုံးကြိုက်မယ့် ဟင်းတွေချည်းရွေးချက်ပစ်လိုက်တယ်။ ဒီတစ်ခေါက်တော့ လတ်လတ်ဆတ်ဆတ်ငါးချိုချို လေးကို မရမ်းပြားလေးစွက်ပြီးချက်တဲ့ မွန်ရိုးရာငါးသောက်ဆမ်း (Fish Soup) လေးချက်ဖို့ ဆုံးဖြတ်ထားတယ်။ ဒီရာသီက ဒိုက်စော်မနံတဲ့ ငါးလတ်လတ်ဆတ်ဆတ်တွေလည်းရတယ်၊ ပူပူချဉ်ချဉ်ဟင်းလေးတွေနဲ့လည်း လိုက်ဖက်တဲ့ရာသီဆိုတော့ ငါးသောက်ဆမ်းချက်ဖို့ကွက်စတိပဲပေါ့…။ ငါးသောက်ဆမ်းဆိုတာက မိန်းကလေးတွေလည်းကြိုက်တယ် ၊ ယောကျ်ားလေးတွေဆိုရင်လည်း အမြည်းလုပ်လို့ ကောင်းလွန်းလှတဲ့ဟင်းတစ်မယ်ဆိုတော့ မဖြစ်မနေချက်ဖူးသင့်တဲ့ ဟင်းတစ်ခွက်ပါပဲနော်။ တော်ရုံငါးဟင်းမကြိုက်တဲ့သူတွေတောင် ငါးသောက်ဆမ်းဆိုလို့ကတော့ မငြင်းဆန်နိုင်ကြပါဘူး။ ဒီဟင်းက ဆီမပါသလောက်ကိုနည်းတာမို့ ကျန်းမာရေးနဲ့လည်းညီညွတ်လှပါတယ်။ အစ်မနဲ့အတူတူ လိုက်ချက်ကြည့်ပါ။ လွယ်လွန်းလို့ ဒါလေးများလို့တောင် ပြောမိသွားမှာပါ။

ပါဝင်ပစ္စည်းများ

  • ငါးကြင်း ၂၀ ကျပ်သား (၃၂၀ ဂရမ်) အကြေးခွံခွာ၊ရေဆေးပြီး မကြီးမသေးတုံးထားပါ
  • ဆီ ထမင်းစားဇွန်း ၁ ဇွန်း
  • ဆား လဘက်ရည်ဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် လဘက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းလှော်မှုန့် လဘက်ရည်ဇွန်း ၁ ဇွန်း
  • မျှင်ငါးပိ လဘက်ရည်ဇွန်း တစ်ဝက်
  • မရမ်းပြားခြောက် သို့ သရက်ပြားခြောက် ၆ ပြား (ရေစိမ်ထားပါ)
  • ပင်စိမ်း ၁ ခက်
  • ငရုတ်သီးစိမ်း ၅ တောင့်
  • ချင်း ၃ ပြား
  • ကြက်သွန်ဖြူ ၃ မွှာ
  • ကြက်သွန်နီ ၁ လုံး (လှီးထားပါ)
  • ရေနွေး ၃၇၅ မီလီလီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ဆေးထားတဲ့ ငါးတွေကို ခနောကြက်သားမှုန့် လဘက်ရည်ဇွန်း၊ နနွင်းမှုန့် အနည်းငယ်ထည့်ပြီး နယ်ထားပေးပါ။

  2. ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ငရုတ်ကောင်း၊ ငါးပိ တို့ကို ငရုတ်ဆုံထဲထည့်ထောင်းထားပေးပါ။

  3. ဒယ်အိုးကို မီးမပြင်းတပြင်း(မီးတစ်ဝက်) အနေအထားထားပြီး ဆီထည့်ပေးပါ။ ဆီပူလာရင် ထောင်းထားတဲ့ အနှစ်တွေကိုထည့်ပြီး ၁ မိနစ်လောက် မွှေပေးပါ။ငါးပိနံ့၊ ငရုတ်ကောင်းနံ့လေးတွေမွှေးလာပြီဆိုရင် ငါးကိုထည့်ပါ။ အတုံးမကြေအောင် ဖြည်းဖြည်းမွှေပါ။ ရေနွေးထည့်ပါ။

  4. ဟင်းရည်ဆူလာတဲ့အခါ မရမ်းသီးရေစိမ်ထားတာ(သို့) သရက်သီးရေစိမ်ထားတာကို လောင်းထည့်ပေးပါ။ ခနောကြက်သားမှုန့် လဘက်ရည်ဇွန်း ၁ဇွန်းနဲ့ ဆားထည့်ပေးပါ။ ပြီးရင်တော့ ပင်စိမ်းလေးအုပ်ပြီး သုံးဆောင်နိုင်ပါပြီ၊

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent