
ရသာစုံ ကြက်ကုန်းဘောင်ကြီးကြော်တစ်ခွက်
10 မိနစ်
3 ဦးစာ
အလယ်အလတ်
တစ်နေ့ တစ်နေ့ ဆီပြန်ဟင်းတွေချည်းပဲ စားရတာ ရိုးလို့ အပြောင်းအလဲလေးလည်း လုပ်ချင်၊ ဒီလို ကာလကြီးမှာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အာဟာရပြည့်ဟင်းတစ်ခွက်လည်း စားချင်တယ်ဆိုရင်တော့ ကြက်ကုန်းဘောင်ကြီးကြော်ချက်နည်းကို ပြောပြပါရစေ။ ကြက်ကုန်းဘောင်ကြီးကြော်မှာ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေဖို့ ကူညီထောက်ပံ့ပေးတဲ့ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်သလို ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် B3၊ Selenium နဲ့ ဇင့်ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ ဟင်းလျာထဲမှာ ပါဝင်တဲ့ ပန်းဂေါ်ဖီမှာလည်း ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနိုင်တဲ့ ဖောလိတ်၊ ဗီတာမင်စီနဲ့ တခြားဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေ ဖြစ်တဲ့ ဗီတာမင်ကေတို့လည်း ပါဝင်တဲ့အတွက် အိမ်မှာ နေရတဲ့ အခုလိုကာလမှာ အာဟာရပြည့်ဝတဲ့ ကြက်ကုန်းဘောင်ကြီးကြော်လေး ချက်ကြည့်ကြစို့။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံအရိုးလွတ် ၃၂၀ ဂရမ် ၊ အနေတော်တုံးထားပါ
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်သီးအခြောက် ၅ တောင့်
- ကြက်သွန်နီ ၂ လုံး ၊ခပ်ကြီးကြီးလှီးထားပါ
- ကြက်သွန်ဖြူ ၅ မြွှာ ၊ ဓါးပြားရိုက်ထားပါ
- ချင်း ၃ ပြား ၊ ရှည်ရှည်လေးလှီးထားပါ
- Baby corn ၅ တောင့် ၊ ခပ်စွေစွေအနေတော်လေး လှီးထားပါ
- မုန်လာဥနီတစ်ချောင်းရဲ့ သုံးပုံတစ်ပုံ ၊ အတုံးလေးတွေ လှီးထားပါ
- ငရုတ်ပွ ၁ လုံး ၊ အနေတော်လှီးထားပါ
- ပန်းဂေါ်ဖီ တစ်ထုပ်ရဲ့ လေးပုံတစ်ပုံ ၊ အနေတော်လှီးထားပါ
- ပဲပိစပ်ဆီ ထမင်းစားဇွန်း ၅ ဇွန်း
- ကြက်သွန်မြိတ် ၁ ပင် ၊ အနေတော်လှီးထားပါ
ချက်ပြုတ်ပြင်ဆင်ပုံ
-
တုံးထားတဲ့ ကြက်သားတုံးလေးတွေကို ခနောကြက်သားမှုန့်၊ ပဲငံပြာရည်အကြည်၊ ခရုဆီနဲ့ ပဲငံပြာရည်အနောက်တို့ ထည့်ပြီး နယ်ထားပါ။
-
ဆီကို အပူပေးပြီး ငရုတ်သီးခြောက်တွေကို အနံ့နည်းနည်းမွှေးလာတဲ့အထိ မီးအေးအေးနဲ့ ကြော်ပြီး ဘေးဖယ်ထားပါ။
-
ချင်းနဲ့ ကြက်သွန်ဖြူကို ဆီသတ်ထားပါ။
-
ဆီသတ်ပြီးရင်တော့ နယ်နှပ်ထားတဲ့ ကြက်သားတုံးတွေ ထည့်ပြီး မွှေပေးပါ။
-
ကြက်သားနူးပြီဆိုရင် ပန်းဂေါ်ဖီ၊ Baby corn၊ ငရုတ်ပွနဲ့ မုန်လာဥနီတို့ ထည့်ပြီး မွှေပေးပါ
-
အသီးအရွက်တွေ နူးပြီဆိုရင်တော့ ငရုတ်သီးခြောက်နဲ့ ကြက်သွန်မြိတ်ထည့်ကာ တစ်ချက်နှစ်ချက်မွှေပြီး အိုးပေါ်မှ ချကာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent