ယိုးဒယားသင်္ဘောသီးထောင်းလုပ်စားကြမယ်

ယိုးဒယားသင်္ဘောသီးထောင်းလုပ်စားကြမယ်

10 မိနစ်

3 ဦးစာ

အလယ်အလတ်

ထူးခြားတဲ့ ချိုချိုချဉ်ချဉ်စပ်စပ် အရသာရယ်၊ လတ်ဆတ်တဲ့သံပရာသီးအနံ့လေးရယ်နဲ့ အားလုံးကို သွားရည်ကျလာအောင် ဆွဲဆောင်နိုင်တာကတော့ ယိုးဒယားသင်္ဘောသီးထောင်းပါပဲနော်။ ယိုးဒယားသင်္ဘောသီးထောင်းနည်း သုံးလေးမျိုးရှိတဲ့အထဲကမှ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးထောင်းနည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီးစိမ်း (အသေး) ၁ လုံး (၂ခွက်ခွဲ) (အောက်ခြေကိုဖြတ် ရေဆေးကာ တစ်ဝက်ခြမ်းပါ။ အတွင်းမှအစေ့များကိုဖယ်ပစ်ပြီး အခွံနွှာကာ အသားများကိုခြစ်နဲ့ခြစ်ပါ)
  • ငရုတ်သီးစိမ်း ၄ တောင့် (ရေဆေးထားပါ)
  • ပုစွန်ခြောက် ထမင်းစားဇွန်း ၂ ဇွန်း
  • တရုတ်ကြက်သွန်ဖြူ ၇ မြွှာ (အခွံနွှာ ရေဆေးထားပါ)
  • မြေပဲလှော် ထမင်းစားဇွန်း ၂ ဇွန်း (၁ ဇွန်းကိုထောင်းရာမှာသုံးပြီး ကျန် ၁ ဇွန်းကို ဖြူးမှာဖြစ်ပါတယ်)
  • ထန်းလျက် ၂ ခဲ
  • ငါးငံပြာရည် ထမင်းစားဇွန်း ၃ ဇွန်း
  • ခရမ်းချဥ်သီး ၁ လုံး
  • သံပုရာသီး ၂ လုံး
  • ပဲသီး ၃ ချောင်း (ရေဆေးကာ ၂ လက်မအရွယ်ပိုင်းထားပါ)
  • ဂေါ်ဖီထုပ် ၁ စိတ် ၁၆၀ ဂရမ် (ရေဆေးကာ ခပ်ကြီးကြီးပိုင်းထားပါ)

ချက်ပြုတ်ပြင်ဆင်ပုံ

  1. သင်္ဘောသီးထောင်းအတွက်တော့ ငရုတ်ဆုံခပ်ကြီးကြီးတစ်ခုမဖြစ်မနေလိုအပ်ပါတယ်နော်။ ငရုတ်ဆုံထဲကို ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ပုစွန်ခြောက်ထည့်ကာ အရင်ကျေအောင်ထောင်းပေးလိုက်ပါ။ အရမ်းကြေညက်သွားဖို့မလိုပါဘူးနော်။

  2. ပြီးရင်တော့ ထန်းလျက်ထည့်ထောင်းပေးပါ။ ငါးငံပြာရည်ထည့်ပေးပါ။ သံပရာသီး ညှစ်ထည့်ပေးပါ။ သမအောင်မွှေပြီးတဲ့အခါ သင်္ဘောသီး၊ ပဲသီးထည့်ထောင်းပြီး ခရမ်းချဉ်သီးထည့်ပါ။ သမအောင်ထောင်းပြီး မြေပဲလှော်ထည့်ထောင်းပါ။

  3. အားလုံးသေသေချာချာရောနှောသွားပြီဆိုရင်တော့ သင်္ဘောသီးထောင်းတစ်ပွဲကိုရရှိသွားပြီပဲဖြစ်ပါတယ်နော်။ သင်္ဘောသီးထောင်းကို ပန်းကန်ပြားထဲထည့်ပြီး အပေါ်မှမြေပဲဆံဖြူးကာ ဂေါ်ဖီထုပ်လေးနဲ့တွဲဖက်သုံးဆောင်နိုင်ပါပြီ။ လျှာပေါ်မှာထိထိမိမိနဲ့အရသာရှိနေစေမယ့် ယိုးဒယားသင်္ဘောသီးထောင်းလေးကို ခင်မင်သူတွေအတွက် ကိုယ်တိုင်ဖန်တီးကျွေးမွေးနိုင်ပါပြီနော်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent