
မြန်မာ့ထမင်းဝိုင်းရဲ့ စားမြိန်ဖွယ် ငါးရံ့နှင့်ချဉ်ပေါင်ဟင်း
30 မိနစ်
3 ဦးစာ
အလယ်အလတ်
မြန်မာတို့အကြိုက် တစ်မျိုးထဲနဲ့ ထမင်းမြိန်စေမယ့် ငါးရံ့နဲ့ ချဉ်ပေါင်းဟင်းကို အချိုးကျနစွာ ချက်စားနိုင်မယ့်နည်းလေးကို ပြောပြပေးမယ်နော်။ အရသာရှိတဲ့ ငါးရံ့လေးကိုမှ ချဉ်ပေါင်လေးနဲ့ ရောချက်ထားတာမို့ တခြားဟင်းတွေ ထပ်မလိုတော့အောင် ပြီးပြည့်စုံစေမှာပါ။ မြန်မာတို့အကြိုက် ငါးပိရည်လေးနဲ့သာဆိုရင် အရမ်းကိုထမင်းစားမြိန်စေမှာ အသေအချာပါပဲနော်။
ပါဝင်ပစ္စည်းများ
- ငါးရံ့ ၂၅ ကျပ်သား
- ချဉ်ပေါင်ရွက် ၁၀ ကျပ်သား
- မျှစ် ၆ ကျပ်သား
- ရုံးပတီသီး ၁၀ တောင့်
- ငရုတ်သီးစိမ်း ၁၀ တောင့်
- ကြက်သွန်ဖြူ ၅ တက်
- ကြက်သွန်နီ ၁ လုံး
- ငရုတ်ခြောက် ၃ တောင့်
- ချင်း အနည်းငယ်
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ဆား လက်ဖက်စားဇွန်း ၁ ဇွန်း
- မျှင်ငါးပိ ထမင်းစားဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- ငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း
- ဆီ ထမင်းစားဇွန်း ၃ ဇွန်း
- ရေသန့် ၁.၅ လီတာ
- နံနံပင် အနည်းငယ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ငါးရံ့ကို သန့်စင်ပြီး အသားလွှာကာ နနွင်းမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်တို့နဲ့နယ်ပြီး အရသာသွင်းထားပါ။
-
အသီးအရွက်တွေဖြစ်တဲ့ ချဉ်ပေါင်ရွက်ကိုသင်ထားပြီး မျှစ်နဲ့ ရုံးပတီသီးကိုတော့ နှစ်သက်သလို လှီးဖြတ်ထားပါ။
-
ဆီသတ်ဖို့အတွက် ချင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ အစေ့ထုတ်ကာ ရေစိမ်ထားသော ငရုတ်သီးခြောက်တို့ကို ထောင်းထားရပါမယ်နော်။
-
ချဉ်ပေါင်ရွက်ထဲပါ အရသာဝင်စေဖို့အတွက် မျှင်ငါးပိ ၊ ငါးငံပြာရည် ၊ ဆား ၊ ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်၊ ရေအနည်းငယ်တို့ထည့်ပြီး ချေကာမွှေပေးထားပါ။
-
အားလုံးအဆင်သင့်ဖြစ်ရင်တော့ ဆီသတ်လို့ရပါပြီ။ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ထောင်းထားတဲ့ ငရုတ်သီးအနှစ်ကိုဆီသတ်ပါ။
-
ပြီးရင် အရသာသွင်းထားတဲ့ ငါးရံ့အသားလွှာကို ထည့်ပြီးဆီသတ်ပါ။ မိနစ်အနည်းငယ်ကြာရင်တော့ အရသာသွင်းထားတဲ့ ချဉ်ပေါင်ရွက်နဲ့ မျှစ်ကိုထည့်လိုက်ပါနော်။
-
ဟင်းပွဲတစ်ခုလုံး အရသာရှိပြီး ထမင်းစားကောင်းစေဖို့အတွက် မျှင်ငါးပိ ၊ ငါးငံပြာရည် ၊ ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်၊ ဆား ၊ နံနံပင်နဲ့ ရေသန့်ထည့်ပြီး ချက်ပေးပါ။
-
အနံ့လေးလည်းမွှေးပြီး ကျက်ပြီဆိုရင်တော့ ငရုတ်သီးစိမ်း၊ ရုံးပတီသီး၊ နံနံပင်တို့အုပ်ကာ မြိန်ရည်ရှက်ရည်သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent