
မြန်မာတွေရဲ့ အသည်းစွဲဟင်းတစ်ခွက် ငါးငါးပိချက်
10 မိနစ်
3 ဦးစာ
လွယ်သော
မြန်မာတွေရဲ့အကြိုက် မြန်မာပါးစပ်နဲ့စွဲငြိထိမိတဲ့ မြန်မာ့ဟင်းလျာတွေထဲမှာ ငါးပိချက်အမျိုးမျိုးလည်းပါဝင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ အစ်မက ငါးချိုချိုလေးနဲ့ ငါးပိရည်ကျိုကောင်းကောင်းလေးကို သုံးပြီး ငါးငါးပိချက် ချက်ပြချင်ပါတယ်။ ချက်ရတာလွယ်ကူတဲ့အပြင် အိမ်သားအားလုံးခံတွင်းမြိန်စေမယ့် ငါးငါးပိချက်လေးမို့လို့ အားလုံးသဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ငါးကြင်း ၁၀ ကျပ်သား (ရေဆေးသန့်စင်ပြီး တစ်လက်မအရွယ်အတုံးလေးများ တုံးထားပါ)
- ကိုင်းခရမ်းချဥ်သီး ၃ လုံး (ရေဆေးပြီး လေးစိတ်စိတ်ထားပါ)
- ကြက်သွန်နီ အလတ်စား ၁ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ ၃ မွှာ (ညက်အောင် ထောင်းထားပါ)
- ဆီ ထမင်းစားဇွန်း ၃ ဇွန်း
- နနွင်းမှုန့် လဘက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်သီးအရောင်တင်မှုန့် လဘက်ရည်ဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လဘက်ရည်ဇွန်း ၂ ဇွန်း
- ငရုတ်သီးစိမ်း ၇ တောင့် (ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ)
- ကျိုပြီးသား ငါးပိရည်ကျို ၁ ခွက် (၂၅၀ မီလီလီတာ)
ချက်ပြုတ်ပြင်ဆင်ပုံ
-
ငါးကို ခနောကြက်သားမှုန့်၊ နနွင်းမှုန့်နဲ့ရောနယ်ပေးပါ။
-
ဟင်းအိုးကို မီးမပြင်းတပြင်း(မီးတစ်ဝက်) အနေအထားနဲ့တည်ပါ။ အိုးထဲကို ဆီထည့်ပြီး ဆီဆူလာတဲ့အခါ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအရောင်တင်မှုန့်ထည့်ကာ ဆီသတ်ပေးပါ။
-
ကြက်သွန်တွေနွမ်းသွားပြီဆိုရင်တော့ ငါးထည့်ကာခပ်ဖွဖွမွှေနှောက်ပေးပါ။ ပြီးရင် အဖုံးခဏအုပ်ပေးပါ။ ၂ မိနစ်ကြာတဲ့အခါ ထပ်မွှေပြီး ငါးဆီသတ်နံ့မွှေးလာတဲ့အခါ ငါးပိရည်ကျိုကိုလောင်းထည့်ပေးလိုက်ပါ။
-
ငါးနဲ့ငါးပိရည်ပွက်ပွက်ဆူလာချိန်မှာတော့ ကိုင်းခရမ်းချဉ်းသီး၊ ငရုတ်သီးတို့ကိုထည့်ပြီး အဖုံးအုပ်လိုက်ပါ။ ၃ မိနစ်ခန့်ကြာတဲ့အခါ ငါးပိရည်နဲ့ငရုတ်သီးရောစပ်ထားတဲ့ရနံ့လေးမွှေးလာချိန်မှာတော့ ပန်းကန်ထဲကို ခပ်ယူပြီးသုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent