
မြန်မာတို့ရဲ့ မရှိမဖြစ် ရိုးရာငါးပိရည်တို့စရာ
15 မိနစ်
5 ဦးစာ
လွယ်သော
ဒီနေ့တော့ အန်တီမေသီတို့ရဲ့ မိသားစုစားပွဲနေ့လေးပေါ့ကွယ်။ အန်တီမေသီတို့ ညီအစ်မတွေ ပြန်ဆုံကြသလို တူတွေ၊ တူမတွေရောပါ အိမ်မှာ အကုန်စုံတော့ ထမင်းစုပြီးချက်စားကြတာပေ့ါ။ ဒီတစ်ခေါက်တော့ အန်တီရဲ့ အစ်မကြီးနှစ်ယောက်က ထမင်းဟင်းချက်တာကို တာဝန်ယူပြီး အန်တီကိုတေ့ ငါးပိရည်တို့စရာပဲ ပြင်ပေးပါတဲ့။ အန်တီ့လက်ရာ ငါးပိရည်တို့စရာက မိသားစုထဲမှာ နာမည်ကြီးတယ်လေ။ သိတဲ့အတိုင်း ငါးပိရည်တို့စရာဆိုတာ မြန်မာထမင်းဝိုင်းအတွက် မပါမဖြစ်ပဲလေနော်။ ငါးပိရည်နဲ့ တို့စရာလေးများ အစပ်အဟပ်တည့်လို့ကတော့ ထမင်း ၂ ပန်းကန်ဆိုတာ အသာလေး၊ ဒီတော့ အန်တီမေသီက မြင်တာနဲ့ စားချင်စရာ ငါးပိရည်တို့စရာလုပ်နည်းလေး ပြောပြပေးမယ်နော်။
ပါဝင်ပစ္စည်းများ
- ရေကျိုငါးပိ ၅ ကျပ်သား
- နနွင်းမှုန့် လဘက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ ၃ မွှာ (ဓားပြားရိုက်ထားပါ)
- ငရုတ်သီးအလှော်ထောင်း ထမင်းစားဇွန်း ၁ဇွန်းခွဲ
- ငရုတ်သီးစိမ်း ၅ တောင့် (မီးဖုတ်ပြီး မညက်တညက် ထောင်းထားပါ)
- ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- သခွားသီးအစိမ်း ၁ လုံး (လှီးထားပါ)
- ရုံးပတီသီး ၃ ချောင်း (ရေနွေးဖျောထားပါ)
- ဆလပ်ရွက် ၁ စည်း
- မုန်လာဥနီ ၁ လုံး (အခွံခွာ၊ အနေတော်တွေ လှီးထားပါ)
- ရေ ၁ခွက်ခွဲ (၃၇၅ မီလီလီတာ)
ချက်ပြုတ်ပြင်ဆင်ပုံ
-
ရေကျိုငါးပိ ၅ ကျပ်သားကို ရေမြုပ်အောင်ထည့်ပြီး နနွင်းမှုန့်ထည့်ကာ တည်ထားပေးပါ။
-
ရေပွက်လာတဲ့အခါမှာတော့ အရိုးနဲ့ အသားကွဲအောင် မွှေပေးပြီး အိုးမှ ချပါ။
-
ကျိုထားတဲ့ ငါးပိရည်လေးကို ပန်းကန်လုံးတစ်လုံးထဲမှာ ဇကာနဲ့ အရိုးတွေ စစ်ပြီး ထည့်ထားပေးပါ။
-
ပြီးရင်တော့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးအလှော်ထောင်း၊ ထောင်းထားတဲ့ ငရုတ်သီးစိမ်းနဲ့ ပုစွန်ခြောက်မှုန့်လေးကို ငါးပိရည်ကျိုလေးထဲထည့်ပြီး ရောမွှေပေးလိုက်ရင် ငါးပိ ရည်ကျိုမွှေးမွှေးလေးရပါပြီနော်။
-
ဒီ ငါးပိရည်ကျိုမွှေးမွှေးလေးကိုတော့ လှီးထားတဲ့ သခွားသီးကွင်းလေးတွေ၊ ရုံးပတီသီးပြုတ်၊ ဆလပ်ရွက်၊ မုန်လာဥနီစတဲ့ အတို့အမြှုပ်စုံစုံနဲ့ သုံးဆောင်လို့ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent