
မိုးအေးအေးမှာနွေးထွေးသွားစေမယ့် ရှူးရှဲချဉ်စပ်ကြက်ကချင်ချက်လေး
20 မိနစ်
3 ဦးစာ
လွယ်သော
မိုးလေးကတဖြောက်ဖြောက် ရာသီဥတုကအေးအေးလေးဆိုတော့ အိမ်ထဲမှာပဲကွေးနေချင်စရာနော်။ အစ်မကတော့ မိုးတွင်းဆိုဈေးခဏခဏမသွားဘဲ အိမ်သားတွေအတွက်တစ်ပတ်စာ အသား၊ငါး၊ အသီးအရွက်အကုန်ဝယ်ထားပြီး တစ်နေ့တစ်မျိုးမရိုးရအောင်ချက်တယ်။ ဒီနေ့တော့ရေခဲသေတ္တာထဲက ကြက်သားတစ်ဆယ်သားလောက်ကိုထုတ်ပြီး မိုးရာသီနဲ့လိုက်ဖက်အောင် ချဉ်ချဉ်စပ်စပ်ကြက်သားဟင်းလေး ချက်မယ်လို့စိတ်ကူးထားတယ်။ ကြက်သားကို ဆီပြန်ချက်ရတာ၊ အာလူးနဲ့ရောတာတွေကလည်း ရိုးအီလာတော့ ဒီတစ်ခါ မိုးအေးအေးမှာ ရှုးရှဲချဉ်ချဉ်စပ်စပ်လေးနဲ့စားကောင်းတဲ့ ကြက်ကချင်ချက် (Kachin Chicken Curry) လေးချက်ဖို့ပဲပြင်ဆင်လိုက်တော့မယ်။ ငယ်ငယ်က တရှူးရှူးတရှဲရှဲနဲ့မောင်နှမတွေ လုစားခဲ့ရတာသတိရမိသေး။ ကြက်ကချင်ချက်ဆိုရင် လူကြီးလူငယ်တော်တော်များများကြိုက်ကြပြီး ထမင်းမြိန်စေတဲ့အပြင် ချက်ပြုတ်ပြင်ဆင်ရတာလည်း လွယ်ကူတာမို့ အိမ်ရှင်မတိုင်းနှစ်ခြိုက်တဲ့ ဟင်းတစ်မယ်လည်း ဖြစ်မှာမို့ တူတူချက်ကြည့်ကြစို့နော်။
ပါဝင်ပစ္စည်းများ
- ကြက်သားရင်ပုံသား ၁၀ ကျပ်သား (အတုံးလေးတွေ တုံးထားပါ)
- ဆီ ထမင်းစားဇွန်း ၄ ဇွန်း
- ဆား လဘက်ရည်ဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လဘက်ရည်ဇွန်း ၂ ဇွန်း
- မျှစ်ချဥ် ၁၀ ကျပ်သား
- ပင်စိမ်း ၄ ရွက်
- ရှမ်းနံနံ ၃ ရွက်
- ငရုတ်သီးစိမ်း ၅ တောင့်
- နံနံပင် ၃ ပင်
- ဂျူံမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ရေနွေး တစ်ခွက်ခွဲ (၃၇၅ မီလီလီတာ)
ချက်ပြုတ်ပြင်ဆင်ပုံ
-
ကြက်သားတုံးလေးတွေကို ခနောကြက်သားမှုန့်၊ ဆား၊ ဂျုံမှုန့်တို့နဲ့ နှံ့အောင် နယ်ထားပေးပါ။
-
အန်တီတို့ပြင်ဆင်ထားခဲ့တဲ့ ပင်စိမ်း၊ နံနံပင်၊ ရှမ်းနံနံစတဲ့အမွှေးနံ့သာရွက်တွေနဲ့ ငရုတ်သီးကို ထောင်းထားပါ။
-
ဒယ်အိုးကို မီးအသင့်အတင့်အပူပေးပြီး ဆီပူအောင် တည်ထားပါ။ ဆီပူလာတဲ့အခါ ကြက်သားတုံးလေးတွေ ထည့်ပြီး ၈မိနစ်ကနေ ၁၀ မိနစ်ခန့် ကြော်ပေးပါ။ ပြီးရင် ဆီစစ်ထားပါ။
-
ပြီးရင်တော့ ဒယ်အိုးထဲကို ကြက်သားကြော်တုံးလေးတွေ ထည့်ပြီး ကြိတ်ထားတဲ့ အမွှေးနံ့သာတွေထည့်ကာ မီးတစ်ဝက်အနေအထားနဲ့ အနံ့မွှေးပျံ့လာအောင် မွှေပေးပါ။ ၃ မိနစ်လောက်ကြာရင်တော့ ရေနွေးထည့်ပြီး အဖုံးအုပ်ထားပါ။
-
ဟင်းရည်ပွက်ပွက်ဆူလာပြီဆိုရင် လှီးထားတဲ့မျှစ်ချဉ်လေးကို ထည့်၊ မျှစ်ချဉ်ကျက်အောင် ၅ မိနစ်ခန့်တည်ပြီးရင် သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent