
မိသားစုထမင်းပွဲတွေအတွက် မပါမဖြစ် ၁၂ မျိုးဟင်းချိုတစ်ခွက်
40 မိနစ်
5 ဦးစာ
အလယ်အလတ်
မိသားစုထမင်းဝိုင်းမှာ ထမင်းမြိန်မြိန်စားကောင်းဖို့ဆိုရင် ဟင်းချိုတစ်ခွက်တော့မဖြစ်မနေပါဝင်သင့်ပါတယ်။ ဟင်းချိုဟင်းတွေအများကြီးရှိတဲ့ထဲကမှ အဓိကဟင်းပွဲတစ်ပွဲလိုမျိုး တန်ဖိုးလည်းရှိ၊ လူကြိုက်လည်းများပြီး မိသားစုထမင်းပွဲတွေအတွက်မပါမဖြစ်ရှိနေတာကတော့ ၁၂ မျိုးဟင်းချိုပဲဖြစ်ပါတယ်။ ၁၂ မျိုးဟင်းချိုတစ်ခွက်မှာ အသား၊ဥ၊အသီးအရွက်တွေ စုံစုံလင်လင်ပါဝင်တာမို့ အာဟာရပြည့်ဝတဲ့အပြင် ချက်ပြုတ်ရတာလည်း လွယ်ကူမြန်ဆန်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သားပေါင်သား ၃၀ ကျပ်သား (ရေဆေးသန့်စင်ပြီး အတုံးသေးတုံးကာ နနွင်း၊ ခနောကြက်သားမှုန့်နဲ့နယ်ထားပါ)
- မုန်လာဥနီသေး ၁ ဥ (ရေဆေးသန့်စင်ပြီး နှစ်သက်သလိုလှီးထားပါ)
- တရုတ်မုန်ညင်း ၃ ဖတ် (ရေဆေးပြီး ၃ စင်တီမီတာအရွယ်လှီးထားပါ)
- မုန်ညင်းစိမ်း ၁ စည်း (ရေဆေးပြီး ၃ စင်တီမီတာအရွယ်လှီးထားပါ)
- ဂေါ်ဖီပန်းပွင့် ၁/၂ ခွက် (ရေဆေးပြီး မကြီးမသေးဖဲ့ချွေထားပါ)
- ရွှေပဲသီး ၆ ခု (ရေဆေးအကြောသင်ပြီး မကြီးမသေးလှီးထားပါ)
- ပဲပြား ၁ တုံး (အတုံးလေးများ တုံးထားပါ)
- ဂျပန်တို့ဟူးဝါ ၁ ထုပ် (မထူမပါးလှီးထားပါ)
- ငရုတ်ပွသီးစိမ်း ၁ လုံး (ရေဆေးပြီး လှီးထားပါ)
- ငုံးဥ ၁၀ လုံး (ပြုတ်ထားပါ)
- ငါးဖယ်လုံး ၁၀ လုံး
- ကြက်ဥ ၁ လုံး (ညက်နေအောင် ခေါက်ထားပေးပါ)
- တရုတ်နံနံ ၂ ပင် (ရေဆေးထားပါ)
- ရေ ၆ခွက်ခွဲ (၁၆၀၀ မီလီလီတာ)
- ကြက်သွန်ဖြူ ၄ မွှာ (မညက်တညက်ထောင်းထားပါ)
- ချင်း ၃ စင်တီမီတာ (မညက်တညက်ထောင်းထားပါ)
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း (တစ်ဝက်ကိုအသားနယ်ရန်၊ တစ်ဝက်ကို ဟင်းရည်ထဲခတ်ရန်)
- ဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အနောက် ထမင်းစားဇွန်း ၁ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
အိုးထဲကို ဆီထည့်ပြီးဆီပူလာတဲ့အခါ ကြက်သွန်ဖြူ၊ချင်း၊ကြက်သားထည့်ကာ ခဏမွှေပေးပါ။
-
ကြက်သားမွှေးပျံ့လာတဲ့အခါ ရေထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာချိန်မှာ ငါးဖယ်လုံးကိုထည့်ပါ။
-
ကြက်သားပြုတ်ရည်ကျက်လာပြီ၊ အသားနူးပြီဆိုရင် ပဲငံပြာရည်နှစ်မျိုးကိုထည့်မွှေပေးလိုက်ပါ။ ပြီးရင် ပဲပြားကိုထည့်ပါမယ်။
-
၁ မိနစ်ခန့်ကြာတဲ့အခါ ကျန်နေတဲ့အသီးအရွက်၊ ဂျပန်တို့ဟူး၊ ငုံးဥ စတဲ့ပါဝင်ပစ္စည်းအားလုံးကိုထည့်ရပါမယ်။
-
အရသာအပေါ့အငန်မြည်းပြီး ချိုချိုလေးလေးကြိုက်ရင် ခနောကြက်သားမှုန့်ထပ်ထည့်ပေးနိုင်ပါတယ်။ အသီးအရွက်တွေကျက်ပြီဆိုရင်တော့ ကြက်ဥရည်ဆမ်းပါ။
-
ကြက်ဥအရည်ဆမ်းချနေချိန် ဟင်းချိုအိုးကိုဖြည်းဖြည်းမွှေပေးနေရပါမယ်။ ကြက်ဥမျှင်လေးတွေရသွားပြီဆိုရင်တော့ တရုတ်နံနံလေးထည့်ကာ ခပ်ယူသုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent