မိသားစုကို ကော်ရည်ခေါက်ဆွဲချက်ကျွေးမလား

မိသားစုကို ကော်ရည်ခေါက်ဆွဲချက်ကျွေးမလား

30 မိနစ်

8 ဦးစာ

အလယ်အလတ်

မိသားစုတွေ၊ မိတ်တွေသူငယ်ချင်းတွေဆုံဖြစ်တဲ့အချိန် အားလုံးစားသောက်ဖို့ မုန့်ရွေးချယ်တဲ့အခါ ကော်ရည်ခေါက်ဆွဲက မဲများလေ့ရှိတဲ့အရာပါ။ ကော်ရည်ခေါက်ဆွဲကို လူကြီး၊လူငယ်၊ကလေး အားလုံးနှစ်သက်ကြသလို ငါးပိထောင်းလေးနဲ့တွဲဖက်စားရရင်တော့ တစ်ပွဲပြီးတစ်ပွဲထပ်စားချင်အောင် လိုက်ဖက်စားကောင်းလှပါတယ်။ ကော်ရည်ခေါက်ဆွဲမှာ မှို၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ကြက်သားစတဲ့ အာဟာရဖြစ်စေတဲ့ အရာတွေပေါင်းစပ်ပါဝင်တာမို့ ကျန်းမာရေးအတွက်ရွေးချယ်သင့်တဲ့ အစားအသောက်တစ်မျိုးပါပဲ။

ပါဝင်ပစ္စည်းများ

  • ဂျုံခေါက်ဆွဲခြောက် ၄၀၀ ဂရမ် (ပြုတ်ပြီးရေစစ်ထားပါ)
  • ကြက်သားရင်ပုံသား ၃၅၀ ဂရမ် (ရေဆေးသန့်စင်ကာ ခနောကြက်သားမှုန့်၊ကြက်သွန်ဖြူ၊ ချင်းအရည်ညှစ်ကာနယ်နှပ်ထားပါ)
  • ချင်း ၄ စင်တီမီတာ (ညက်အောင်ထောင်းပြီး အရည်ကိုကြက်သားနယ်ရန်သုံးပေးပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ညက်အောင်ထောင်းကာကြက်သားနယ်ရန်သုံးပါ)
  • ကြွက်နားရွက်မှိုခြောက် ၁၀ ခု (၂ နာရီခန့်ရေစိမ်ထားပြီး ပါးပါးလှီးထားပါ)
  • Shiitake မှိုခြောက်(ထီးမှို) ၆ ပွင့် (၁ နာရီခန့်ရေစိမ်ထားပြီး မထူမပါးလှီးထားပါ)
  • ပန်းခြောက် ၁၀ ခု (ရေစိမ်ကာ အတွင်းမှဝတ်ဆံချောင်းထုတ်ထားပါ)
  • ကော်မှုန့် ထမင်းစားဇွန်း ၆ ဇွန်း (ရေ ၂၅၀ မီလီလီတာနဲ့ ဖျော်ထားပါ)
  • ကြက်ဥ ၂ လုံး (ခေါက်ထားပါ)
  • ပဲပင်ပေါက် ၁ ခွက် (၈၀ ဂရမ်) (ရေဆေးသန့်စင်ထားပါ) (ရေနွေးဖျောပြီး ရေအေးထဲပြန်စိမ်ထားပေးပါ)
  • ကန်စွန်းရွက် ၁ ခွက် (အရွက်သင်ထားပြီး ဆေးထားပါ) (ရေနွေးဖျောပြီး ရေအေးထဲပြန်စိမ်ထားပေးပါ)
  • ပဲငံပြာရည်အပျစ် ထမင်းစားဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၃ ဇွန်း (၁ ဇွန်းကိုအသားနယ်ရန်သုံးပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူဆီချက်ဖတ် ထမင်းစားဇွန်း ၂ ဇွန်း
  • ရေ ၁၈၅၀ မီလီလီတာ (၂၅၀ မီလီလီတာကိုကော်မှုန့်ဖျော်ရန်သုံးပါ)
  • အသင့်စားငါးပိထောင်း (နှစ်သက်သလို)

ချက်ပြုတ်ပြင်ဆင်ပုံ

  1. နယ်ထားတဲ့ကြက်သားကို အိုးထဲထည့်ပြီး မီးနဲ့ခဏလေး လုံးမွှေပေးပါ။ ပြီးရင် ရေ ၁၆၀၀ မီလီလီတာထည့်ကာမီးပြင်းပြင်းနဲ့ပြုတ်ပါ။

  2. ရေပွက်ပွက်ဆူပြီး ကြက်သားနူးလာချိန်မှာ ကြက်သားကိုဆယ်ပြီး အအေးခံထားပါ။ (ကြက်သားအေးသွားချိန်မှာ အတုံးသေးသေးလေးများရအောင်လှီးရမှာဖြစ်ပါတယ်)

  3. ကြက်သားပြုတ်အိုးထဲကို မှိုခြောက်၊ပန်းခြောက်များ၊ ကြက်သားမှုန့်၊ ဆား၊ သကြားတို့ထည့်ပါ။

  4. လှီးထားတဲ့ ကြက်သားလေးများထည့်ပါ။ ခေါက်ထားတဲ့ ကြက်ဥကို ဆန်ကာလေးခံပြီးလောင်းထည့်ပါ။ အမျှင်လေးတွေရအောင် ဇွန်းရှည်နဲ့ဆက်တိုက်မွှေပေးပါ။

  5. ပြီးရင်တော့ ဖျော်ထားတဲ့ ကော်ရည်ကိုလောင်းထည့်ပြီး အဆက်မပြတ်မွှေပေးပါ။ ပဲငံပြာရည်နဲ့ ငရုတ်ကောင်းထည့်မွှေပြီးရင်တော့ ကော်ရည်ကိုရရှိပြီဖြစ်ပါတယ်။

  6. ပန်းကန်ထဲကို ခေါက်ဆွဲအနည်းငယ်၊ ကော်ရည်ထည့်ပြီး ပဲပင်ပေါက်၊ ကန်စွန်းရွက်လေးများထည့်ပါ။ ဆီချက်ဖတ်လေးအနည်းငယ်ဖြူးပြီး ငါးပိထောင်းစပ်စပ်လေးနဲ့အတူ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

  7. ပူပူနွေးနွေးလေးနဲ့စားကောင်းလှတဲ့ ကော်ရည်ခေါက်ဆွဲတစ်ပွဲက ဗိုက်ပြည့်ရုံတင်မကဘဲ ကျန်းမာရေးနဲ့လည်းညီညွတ်တာမို့ အခုပဲလုပ်စားကြည့်ပါဦးနော်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent