မဆလာနံ့သင်းသင်း ဆိတ်သားဟင်းတစ်ခွက်

မဆလာနံ့သင်းသင်း ဆိတ်သားဟင်းတစ်ခွက်

60 မိနစ်

4 ဦးစာ

အလယ်အလတ်

မဆလာနံ့သင်းသင်းနဲ့ ဆိတ်သားနူးနူးအိအိလေးဆိုတာက မြန်မာတွေအတွက်တော့ တကယ့်ကိုအဖိုးတန်ဟင်းတစ်ခွက်ပါပဲနော်။ မွှေးပျံ့နူးအိတဲ့ဆိတ်သားဟင်းလေးကို အားလုံးနှစ်သက်ကြပေမယ့် ဆိတ်သားကိုမညှီအောင်ပြုလုပ်ဖို့၊ မွှေးပျံ့နူးအိနေစေဖို့အတွက်တော့ အနည်းငယ်အခက်အခဲရှိကြပါတယ်။ ဒါကြောင့် ကျွန်မက ဆိတ်သားအညှီနံ့ပျောက်အောင်ဘယ်လိုလုပ်မလဲ၊ မဆလာနံ့သင်းသင်းလေးနဲ့ နူးနူးအိအိဆိတ်သားနှပ်လေးတစ်ခွက်ဘယ်လိုချက်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

သန့်စင်ရန်

  • ဆိတ်သား ၃၀ ကျပ်သား (၄၈၀ ဂရမ်) (ရေ ဖြင့် ၅ မိနစ်ခန့် ဆေးကြောကာ ရေစစ်ထားပါ)
  • သံပုရာသီး ၂ လုံး

အသားနယ်ရန်

  • ချင်း ၄ စင်တီမီတာ (ရေဆေး၊ အခွံခွာ၊ ထောင်းထားပြီး အရည်ယူပါမယ်)
  • ချင်း ၄ စင်တီမီတာ (ထောင်းထားပါ)
  • နံနံစေ့အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဇီယာစေ့အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁​ ဇွန်းခွဲ

ဆီသတ်ရန်

  • ငရုတ်သီးအရောင်တင်မှုန့် ထမင်းစားဇွန်း ၁​ ဇွန်းခွဲ
  • နနွင်းမှုန့် ထမင်းစားဇွန်း ၁ ဇွန်းခွဲ
  • ကြက်သွန်နီ ၃၀ ဂရမ် (စင်းထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ထောင်းထားပါ)
  • ဆီ ထမင်းစားဇွန်း ၄ ဇွန်း
  • ကရဝေးရွက် ၂ ရွက်
  • သစ်ကြံပိုးခေါက် ၅ စင်တီမီတာ တစ်ချောင်း
  • လေးညှင်း ၃ ပွင့်
  • မဆလာ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ၄ ခွက်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ရေစင်စင်ဆေးထားတဲ့ ဆိတ်သားကို သံပုရာရည်၊ချင်းအရည်၊နံနံစေ့အမှုန့်၊ဇီယာစေ့အမှုန့်၊ ခနောကြက်သားမှုန့် တစ်ဇွန်းထည့်ပြီး သေသေချာချာနယ်ပေးပါ။ အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲမှာ ၁ နာရီခန့်နှပ်ထားပေးပါ။

  2. ဒယ်အိုးထဲကိုဆီထည့်ပြီး ဆီလုံးဝပူလာသည်အထိထားကာ ကျန်နေတဲ့ ချင်းတစ်ဝက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ နနွင်းထည့်ကာ ဆီသတ်ပါ။ ကရဝေးရွက်ခြောက်၊ သစ်ကြံပိုးခေါက်၊ လေးညှင်းတို့ကိုပါထည့်ကာ ဆီသတ်ပါ။

  3. ဆီသတ်နံ့လေးမွှေးလာပြီဆိုရင်တော့ ဆိတ်သားတွေကိုထည့်ပြီး သေသေချာချာမွှေပါ။ ဆိတ်သားမှထွက်လာတဲ့အရည်ခန်းပြီးအနှစ်ခြောက်ခြောက်လေးဖြစ်လာတဲ့အထိထားပါ။(အိုးမကပ်အောင်တော့ မကြာမကြာမွှေပေးဖို့လိုပါတယ်)။ ပြီးရင်တော့ ရေနှစ်ခွက် ထည့်ကာ အဖုံးအုပ်ထားပါ။

  4. ရေပွက်ပွက်ဆူလာချိန်မှာ အပေါ့အငန်မြည်းပြီးလေးတာကြိုက်ရင် ကျန်နေတဲ့ခနောကြက်သားမှုန့် ဇွန်းတစ်ဝက်ထည့်ပေးပြီး မွှေထားပါ။

  5. ရေခန်းသွားချိန်မှာ နောက်ထပ်ရေနှစ်ခွက်ထပ်ထည့်ကာ အဖုံးအုပ်ထားပါ။ မကြာခဏမွှေပေးပါ။

  6. နောက်ဆုံးထည့်တဲ့ရေခန်းပြီးဆီပြန်လာပြီဆိုရင်တော့ မဆလာထည့်မွှေကာ အရသာရှိလှတဲ့ဆိတ်သားနှပ်လေးကို သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent