ဘယ်တော့မှမရိုးတဲ့ ပဲကြီးဆူးပုတ်

ဘယ်တော့မှမရိုးတဲ့ ပဲကြီးဆူးပုတ်

30 မိနစ်

3 ဦးစာ

လွယ်သော

ဒီတစ်ခေါက်မှာတော့ ကလေးတွေရော၊ လူကြီးတွေရော ကြိုက်နှစ်သက်ကြတဲ့ ပဲကြီးဆူးပုတ်ဟင်းချိုချက်နည်းလေးကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်လေးအတိုင်း ပဲကြီးဆူပုတ်ရွက်ဟင်းချိုဆိုတာ ဘယ်တော့မှ ရိုးမသွားမယ့် အရည်သောက်ဟင်းလေးတစ်မျိုးဆိုလည်း မမှားပါဘူးနော်။

ပါဝင်ပစ္စည်းများ

  • ပဲကြီးစေ့ ၁၀ ကျပ်သား
  • ဆူးပုတ်ရွက် ၆ ကျပ်သား
  • ဆား လက်ဖက်စားဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၅ တက်
  • ကြက်သွန်နီ ၂ လုံး
  • ချင်း အနည်းငယ်
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်း
  • ပဲဆီ ထမင်းစားဇွန်း ၃ ဇွန်း
  • ရေသန့် ၁ လီတာ
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး ပဲကြီးစေ့လေးတွေကို ရေစိမ်ပေးထားပြီး ဆူးပုတ်ရွက်လေးတွေကိုတော့ အရွက်သင်ပေးထားပါ။

  2. ကြက်သွန်ဖြူ၊ ကြက်သွန်နီ အချို့ကို ကြွပ်နေအောင်ကြော်ထားပြီး ကျန်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကိုတော့ ဆီသတ်ဖို့အတွက် ထောင်းထားပေးပါနော်။

  3. ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာရင်တော့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းအပြင် နနွင်းမှုန့်လေးပါထည့်ပြီး ဆီသတ်ပေးပါ။

  4. ကြက်သွန်လေးတွေ နွမ်းပြီး ဆီပြန်လာရင်တော့ ရေစိမ်ထားတဲ့ ပဲကြီးစေ့လေးတွေကိုထည့်ချက်ပေးပါ။

  5. ပဲကြီးလေးတွေ နူးဖို့အတွက်ကတော့ ရေအနည်းငယ်ထည့်ကာ ချက်ပေးပါနော်။

  6. ပဲကြီးလေးတွေ နူးလာပြီဆိုရင်တော့ အရသာအတွက် ခနောကြက်သားမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာအပေါ့အငန်မြည်းပါ။

  7. ပြီးရင် ဆူးပုတ်ရွက်လေးတွေထည့်ပြီး နှံ့အောင်မွှေကာ ချက်ပေးပါနော်။

  8. ပဲကြီးဆူးပုတ်ဟင်းအိုးလေး ကျက်လာပြီဆိုရင်တော့ အသင့်ကြော်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်လေးအုပ်ပြီး နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent