
ဘယ်တော့မှမရိုးတဲ့ ဆိတ်သားနှင့် အာလူးဆီပြန်
50 မိနစ်
4 ဦးစာ
အလယ်အလတ်
ဆိတ်သားနဲ့ အာလူးဆီပြန်ဟာ ဆန်းဆန်းပြားပြားမဟုတ်ပေမဲ့လည်း ဘယ်တော့မှရိုးမသွားဘဲ လူတိုင်းအကြိုက်တွေ့ကြတဲ့ ဟင်းတစ်မယ်ပါ။ ဆိတ်သားနဲ့အားလူးကို အချိုးအစားမှန်မှန်နဲ့ အရသာရှိအောင် ဘယ်လိုရောနှောချက်ပြုတ်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်
ပါဝင်ပစ္စည်းများ
- ဆိတ်ပေါင်သား ၂၅ ကျပ်သား
- အာလူး ၂၅ ကျပ်သား
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၁၀ မွှာ
- ချင်း လက်တစ်ဆစ်
- စပါးလင် ၂ ပင်
- ငရုပ်ခြောက် ၅ တောင့်
- ဆား လက်ဖက်စားဇွန်း ၁ ဝက်
- ငရုပ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ဇီယာမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ဒိန်ချဉ် လက်ဖက်စားဇွန်း ၃ ဇွန်း
- ပဲဆီသန့် ၅ ကျပ်သား
- ကရဝေးရွက် ၃ ရွက်
- သစ်ဂျပိုးခေါက် ၁ ချောင်း
- လေးညှင်းပွင့် ၅ ပွင့်
- ဖာလာစေ့ ၅ စေ့
- နာနတ်ပွင့် ၅ ပွင့်
- ပျဉ်တော်သိမ်းရွက် ၃၀ ရွက်
- ရှမ်းငရုတ်နီ ၁ တောင့်
- ရေသန့် ၁.၅ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဆိတ်ပေါင်သားကို (၂) လက်မခန့်အတုံးများလှီးပြီး ခနောကြက်သားမှုန့်၊ ဒိန်ချဉ်၊ ဇီယာမှုန့်း၊ နနွင်းမှုန့်တို့ဖြင့်အရသာသွင်းပြီး မိနစ် ၂၀ ခန့်နှပ်ထားပါ။
-
ငရုပ်ခြောက် ၊ ချင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီတို့ကို ကျေညက်အောင်ထောင်းပြီး ဟင်းအနှစ်လုပ်ထားပါ။
-
အိုးတစ်လုံးတွင် ပဲဆီသန့်ကိုအပူပေးပြီး နနွင်းမှုန့်၊ လေးညှင်းပွင့်၊ ဖာလာစေ့ ၊ နာနတ်ပွင့် ၊ ကရဝေးရွက် ၊ သစ်ဂျပိုး ခေါက်၊ စပါးလင် ၊ ပျဉ်းတော်သိမ်းရွက် ၊ ရှမ်းငရုပ်နီ တို့ကိုဆီသတ်ပါ။
-
ဟင်းခတ်အမွှေးအကြိုင်များဆီသတ်ပြီးသည်နှင့် အသင့်ထောင်းထားသော ငရုပ်သီးအနှစ်ကို ထည့်ချက်ပေးပါ။
-
ငရုပ်သီးအနှစ်ကျက်လျှင် အသင့်အရသာသွင်းထားသော ဆိတ်ပေါင်သားနှင့်အာလူးကို ဆီပြန်သည်အထိ ချက်ပါ။
-
ဆိတ်ပေါင်သားအနည်းငယ်ဆီပြန်လာရင် ရေသန့်၊ ဇီယာမှုန့်၊ ဒိန်ချဉ် ၊ ခနောကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်တို့ဖြင့် အရသာထိန်းညှိပြီး ဆိတ်ပေါင်သားနှင့်အာလူးနူးသည်အထိ မီးပျော့ပျော့ဖြင့်ချက်ပေးပါ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent