
ဘယ်ချိန်စားစား စားကောင်းတဲ့ ပုစွန်တန်ပူရာ
15 မိနစ်
2 ဦးစာ
လွယ်သော
ဒီတစ်ပတ်ပိတ်ရက်တုန်းက အိမ်မှာ တူလေးနဲ့ ကျောင်းက သူငယ်ချင်းတွေ တူတူလာဆော့ကြတယ်လေ။ ကလေးတွေဆိုတော့ နေ့ခင်းနေ့လည် ဗိုက်ဆာပြီဆို အရသာရှိရှိနဲ့ ကလေးတွေကြိုက်မယ့် အစားအစာလေး ချက်ဖို့ စဉ်းစားရင်း ရေခဲသေတ္တာထဲမှာ ပုစွန်ထုပ်လေးတွေ တွေ့ပါလေရော။ ဒါနဲ့ ညီမလည်း သူတို့ အကြိုက်တွေ့မယ့် ပုစွန်တန်ပူရာကြော်လေးကို ကြော်ပြီး ထမင်းဆီဆမ်းလေးနဲ့ ကျွေးလိုက်တာ ကောင်းလွန်းလို့ လောက်တောင်မလောက်ဘူးတဲ့လေ။ အဲ့ဒါမို့ သားသားမီးမီးမေမေတွေအတွက် ကလေးတို့အကြိုက် ရွှေဝါရောင်သမ်းတဲ့ ပုစွန်တန်ပူရာကို အရသာရှိရှိကြော်နည်းလေး မျှဝေပေးချင်လာပါရော။
ပါဝင်ပစ္စည်းများ
- ပုစွန် ၂၅ ကျပ်သား
- တန်ပူရာမှုန့် ၁၀၀ ဂရမ်
- ကြက်ဥ ၁ လုံး
- မုန့်ကြွပ်မှုန့် ထမင်းစားဇွန်း ၅ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် လဘက်ရည်ဇွန်း ၁ ဇွန်း
- နှမ်းဆီ ထမင်းစားဇွန်း တစ်ဝက်
- ရေအေး ထမင်းစားဇွန်း ၅ ဇွန်း
- ဆီ ၂၀ ကျပ်သား
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပုစွန်တွေကို ရေဆေး၊ အမြီးခွံလေးပဲချန်ပြီး အခွံခွာ၊ ကျောချေးကြောင်းထုတ် ဆန့်ထားပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ၊ ခနောကြက်သားမှုန့်၊နှမ်းဆီထည့်နယ်ရင်း ၅မိနစ်ခန့် နှပ်ထားပါ။
-
တန်ပူရာမှုန့်ထဲ ကြက်ဥနဲ့ ရေအေးထည့်ပြီး အနှစ်ပျစ်နေအောင်မွှေထားပါ။
-
ဆီကို ဒယ်အိုးထဲထည့်ပြီး မီးအလယ်အလတ်နဲ့ အပူပေးထားပါ။
-
ပုစွန်တွေကို အမြီးကကိုင်ပြီး တန်ပူရာအနှစ်ထဲ ထည့်စိမ်၊ပြီးတာနဲ့မုန့်ကြွပ်မှုန့်ထဲထည့်ပြီး အမှုန့်များများကပ်အောင်နှစ်ပြီးမှ ဆီပူထဲမြုပ်နေအောင်ကြော်ပါ။
-
ပုစွန်အခွံ ရွှေဝါရောင်လေးသမ်းပြီး အနံ့လှိုင်တက်လာတာနဲ့ ၂ဖက်လှန်ပြီး ဆယ်ပါမယ်။
-
ရွှေဝါရောင်ဝင်းပြီး ကြွပ်မွနေတဲ့ ပုစွန်တန်ပူရာကြော်လေးတွေကို ပန်းကန်ထဲ အလှဆင်ရင်း မယော့နိစ် လေးနဲ့တွဲစားစား Chili Sauce လေးနဲ့ပဲစားစား ကလေးရော လူကြီးပါ သဘောတွေကျမယ့် အရသာရှိတဲ့ တန်ပူရာကြော်လေး စားနိုင်ပြီပေါ့ရှင်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent