
ပါးစပ်ထဲတင် အရည်ပျော်ကျမယ့် နူးညံ့အိစက်ဝက်သားမြေအိုးပေါင်း
75 မိနစ်
2 ဦးစာ
အလယ်အလတ်
ဝက်သားဆိုတာနဲ့ အလိုလို ခေါင်းထောင်လာမယ့်သူတွေရှိလားနော်။ ညီမကတော့ဝက်ဆိုတာနဲ့ကင်မလား၊ ကြော်မလား၊ ချက်မလား ဘာလာလာဒေါင်းပြီးသားပဲ။ အဲ...ဒါပေမယ့်ချက်နည်းမျိုးစုံစားဖူးတဲ့ ညီမတောင် ဝက်သားကို မြေအိုးနဲ့ နူးညံ့အိမွှေးနေအောင်ပေါင်းထားတဲ့ ဝက်သားမြေအိုးပေါင်း (Clay pot pork recipe) စားပြီးတည်းက ကျန်တဲ့အရသာတွေ တိုးကိုမတိုးတော့တာ။ အဲဒီတော့ဝက်သားကို နူးအိနေအောင် မြေအိုးလေးနဲ့ ထပ်ပေါင်းစားကြည့်ဖို့ သိသလောက်တတ်သလောက် ညီမနည်းလေးပြောပြမှာမို့ လိုက်မှတ်ပြီး မြေအိုးလေးသာဝယ် ချက်စားကြည့်ပါရှင့်။
ပါဝင်ပစ္စည်းများ
- ဝက်သားသုံးထပ်သား ၂၀ ကျပ်သား (သန့်စင်ပြီး)
- ခနောကြက်သားမှုန့် လဘက်ရည်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၂ ဇွန်း
- ပဲငံပြာရည်အနောက် ထမင်းစားဇွန်း ၁ ဇွန်း
- ဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ ၄ စိတ် (ထောင်းထားပါ)
- ချင်း ၂ စင်တီမီတာခွဲ (ထောင်းထားပါ)
- အပ်မှို ၁၀၀ ဂရမ်
- ထိုင်ဝမ်မုန်ညင်း ၁ စည်း
- ခရုဆီ ထမင်းစားဇွန်း တစ်ဝက်
- နာနတ်ပွင့် ၅ ပွင့်
- ရေ ၇၀၀ မီလီလီတာ
- ဆီ လဘက်ရည်ဇွန်း ၅ ဇွန်း
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံးဝက်သားကို ခနောကြက်သားမှုန့်နဲ့ နယ်ပြီး ၁နာရီ-၂နာရီ နှပ်ထားပေးပါ။ အခေါက်ထဲထိ စိမ့်ဝင်အောင် အသားကို ခက်ရင်းခွလေးနဲ့ ဖောက်ဖောက်ထားရင် ပိုကောင်းတယ်နော်။
-
အိုးကို မီးအသင့်အတင့်အပူပေးပြီး ဆီ လဘက်ရည်ဇွန်း ၅ ဇွန်းထည့်ပါ။ ထောင်းပြီးသား ကြက်သွန်ဖြူနဲ့ဂျင်းကို ၁မိနစ်-၂ မိနစ်လောက် ဆီသတ်ပါ။ ပြီးရင် နှပ်ထားတဲ့ ဝက်သားကို အိုးထဲထည့်၊ ရေ ၄၅၀ မီလီလီတာထည့်ပြီး ရေခန်းလုနီးပါး တည်ထားပါ။
-
ဝက်သားနည်းနည်းအိလာဖို့ မိနစ် ၂၀ - ၃၀ နီးပါး ချက်ပြီးပြီဆိုရင် ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ဆီ၊ ခရုဆီထည့်၊ သေချာမွှေပြီး ပြန်တည်ထားပါ။
-
ဝက်သုံးထပ်သားကို အိုးထဲက ထုတ်ပြီး ၄ စင်တီမီတာအထူအတုံးတွေ လှီးပါ။
-
မြေအိုးအသစ်ထဲကို အသားနဲ့ အမယ်စုံပြောင်းထည့်ပြီး နာနတ်ပွင့်၊ အပ်မှို၊ ထိုင်ဝမ်မုန်ညင်းရွက်အနည်းငယ်နဲ့ ရေ ၂၅၀ မီလီမီတာထည့်ပြီး ၁၀ မိနစ်ခန့် တည်ထားပေးပါ။
-
ပြီးရင်တော့ အရည်စွက်စွက်လေးနဲ့ ဝက်သားမြေအိုးပေါင်းလေးကို ထမင်းနဲ့ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent