
နူးနူးအိအိ ဘဲသားအချဉ်ဆီပြန်
50 မိနစ်
3 ဦးစာ
အလယ်အလတ်
အိမ်ရှင်မတို့ရေ ဘဲသားအိအိလေးကို အချိုချက်မဟုတ်ပဲ အချဉ်ဆီပြန်လေး ပြောင်းချက်ကြည့်ရအောင်နော်။ ဘဲသားကို ပုံမှန်ပေါင်းစားနေရာကနေ မန်ကျည်းနှစ်လေးနဲ့ အချဉ်ဆီပြန်လေးချက်စားမှာမို့ ပိုပြီး ထမင်းစားမြိန်စေမှာပါ။ ကဲ ဘဲသားအချဉ်ဆီပြန်လေးကို ဘယ်လိုချက်ရမလည်း ကြည့်လိုက်ရအောင်နော်...
ပါဝင်ပစ္စည်းများ
- ဘဲသား ၅၀ ကျပ်သား
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၁၀ တက်
- ချင်း ၃ ကျပ်သား
- ငရုတ်ပွခြောက် ၅ တောင့်
- ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
- ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်းခွဲ
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ဇီယာမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ဆီ ထမင်းစားဇွန်း ၅ ဇွန်း
- မန်ကျည်းနှစ် ထမင်းစားဇွန်း ၃ ဇွန်း
- နံနံပင် အနည်းငယ်
- ငရုတ်သီးစိမ်း ၁၀ တောင့်
- သံပုရာရည် ထမင်းစားဇွန်း ၁ ဇွန်း
- ရေသန့် ၁ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ဘဲသားလေးတွေကို ရေဆေးသန့်စင်ပြီး နှစ်သက်သလို လှီးဖြတ်ထားတာ ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်၊ သံပုရာရည်တို့နဲ့ နယ်ပြီး (၁၅)မိနစ်ခန့် နှပ်ထားပေးပါ။
-
ဟင်းအနှစ်ရဖို့အတွက် ငရုတ်ပွခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ညက်နေအောင် ထောင်းထားပေးပါနော်။
-
မန်ကျည်းသီးမှည့်ကို ရေနွေးအနည်းငယ်နဲ့ အနှစ်ဖျော်ထားပြီး ငရုတ်သီးစိမ်းလေးတွေနဲ့ နံနံပင်လေးတွေကိုတော့ ညှပ်ထားပြီး ရေစိပ်ထားပေးပါ။
-
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီဆူလာတဲ့အခါ ထောင်းထားတဲ့ ငရုတ်နှစ်လေးကို နနွင်းမှုန့်လေးနဲ့ ဆီသတ်ကာ ငံပြာရည်လေးပါ ထည့်ချက်ပေးပါနော်။
-
ကြက်သွန်လေးလည်းနွမ်းပြီး ဆီသတ်နံ့လေးလည်း မွှေးလာပြီဆိုရင်တော့ ဘဲသားလေးကိုထည့်ချက်ပြီး မီးပျော့ပျော့လေးနဲ့ ဆီပြန်လာတဲ့အထိ တည်ထားပေးပါ။
-
ဘဲသားလေးလည်းဆီပြန်လာပြီဆိုရင်တော့ ဇီယာမှုန့်၊ ရေသန့်အနည်းငယ်ထည့်ပြီး နူးအိလာတဲ့အထိ ချက်ပေးပါနော်။
-
ဘဲသားလေးတွေ နူးလာပြီဆိုရင်တော့ မန်ကျည်းနှစ်ထည့်ပြီး မိနစ်အနည်းငယ်ကြာရင်တော့ ငရုတ်သီးစိမ်း၊ နံနံပင်အုပ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent