
ထိထိမိမိ ကြက်သောက်ဆမ်းချဥ်စပ်
30 မိနစ်
4 ဦးစာ
အလယ်အလတ်
တစ်နေ့ တစ်နေ့ ဘာချက်ရမလဲလို့ စဥ်းစားပြီး ခေါင်းရှုပ်နေတတ်တဲ့ အိမ်ရှင်မတွေအတွက် ရာသီဥတုအေးအေး အိမ်မှာကွေးနေတဲ့အခိုက်မှာ အလိုက်ဖက်ဆုံးဖြစ်မယ့် ကြက်သောက်ဆမ်းချက်နည်းလေးပြောပြမယ်နော်။ ကြက်သောက်ဆမ်းမှာ ပါဝင်တဲ့ ပရိုတိန်းက အရိုးတွေနဲ့ ကြွက်သားတည်ဆောက်မှုကို ထောက်ပံ့ပေးနိုင်သလို Selenium နဲ့ Zinc ဓာတ်ကလည်း ကိုယ်ခံစွမ်းအားစနစ်ကို အထောက်အကူပြုပေးတဲ့အတွက် အခုပဲ ချက်ကြည့်ကြစို့နော်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံ ၄၀၀ ဂရမ် (ရေဆေးသန့်စင်ပြီး အနေတော်အတုံးလေးတွေ တုံးထားပါ)
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၃ မြွှာ (ထောင်းထားပါ)
- ကြက်သွန်နီ ၁ လုံး (ထောင်းထားပါ)
- ဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ငါးပိ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ တစ်ဝက် (ရေနွေးပူ ထမင်းစားဇွန်း ၃ ဇွန်းနဲ့ ဖျော်ထားပါ)
- နနွင်း လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ရေ ၁ ခွက်
- ချင်း ၄ ပြား (ဓားပြားရိုက်ထားပါ)
- စပါးလင် ၃ ပင် (အရင်း ၂ လက်မလောက်ကို ထုထောင်းထားပါ)
- ခနောချဥ်ပြုံးပြုံးမန်ကျည်းအရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ တစ်ဝက် (ရေနွေးထမင်းစားဇွန်း ၃ ဇွန်းနဲ့ ဖျော်ထားပါ)
- ငရုတ်သီးစိမ်း ၈ တောင့် (အရှည်လိုက်လှီးဖြတ်ထားပါ)
- ရေ ၁ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
တုံးထားတဲ့ ကြက်သားတုံးလေးတွေကို ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်းနဲ့ နယ်ထားပါ။
-
အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာတဲ့အခါ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ နနွင်းတို့ ထည့်ပြီး ဆီသတ်ထားပါ။
-
ပြီးရင်တော့ ကြက်သားတုံးလေးတွေ ထည့်ပြီး မွှေပေးပါ။
-
အရည်ဖျော်ထားတဲ့ ငါးပိကို ထည့်ပြီး ထပ်မွှေပေးပါ။
-
ချင်း၊ စပါးလင်နဲ့ ရေ ၁ ခွက်ထည့်ပြီး အဖုံးအုပ်ထားပြီး ၃ မိနစ်လောက် တည်ထားပါ။
-
မန်ကျည်းရေ၊ ငရုတ်သီးစိမ်း၊ ခနောကြက်သားမှုန့်တို့ကို ထည့်ပြီး ရေ ၁ လီတာထည့်ကာ အဖုံးပြန်အုပ်ထားပါ။ ကြက်သားနူးလာတဲ့ အထိ တည်ထားပေးပါ။
-
ကြက်သားနူးလာပြီး ဆူပြီဆိုရင် အိုးပေါ်မှ ချပြီး သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent