
ထားဝယ်စတိုင် ဝက်လက်နှင့် နာနတ်သီးချက်
45 မိနစ်
3 ဦးစာ
အလယ်အလတ်
ဒီတစ်ခေါက်မှာတော့ ဟင်းလျာအသစ်အဆန်းလေးတွေ ချက်စားရတာကြိုက်တဲ့ အိမ်ရှင်မတို့အတွက် ဝက်လက်နူးနူးအိအိလေးကို နာနတ်သီးနဲ့ချက်နည်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ ဝက်လက်စားလို့ အီတဲ့အရသာကို နာနတ်သီးလေးနဲ့ ထိန်းညှိပေးနိုင်တာမို့ မိသားစုတွေလည်း အကြိုက်တွေ့မယ့် ဟင်းတစ်ခွက် ဖြစ်စေမှာပါ။
ပါဝင်ပစ္စည်းများ
- ဝက်လက်သား ၆၂.၅၀ ကျပ်သား
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၁၀ တက်
- ချင်း ၅ ကျပ်သား
- ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၃ ဇွန်း
- သကြား ထမင်းစားဇွန်း ၂ ဇွန်း
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- လေးညှင်းပွင့် ၃ ပွင့်
- ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
- နံနံပင် အနည်းငယ်
- နာနတ်သီး ၁ လုံး
- ကင်မွန်းချဉ်ရွက် ၁ စည်း
- ငရုတ်သီးစိမ်း ၁၀ တောင့်
- ရေသန့် ၄ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ဝက်လက်သားလေးတွေကို သန့်စင်ပြီး အကွင်းလိုက်လှီးထားပါ။
-
နာနတ်သီးလေးတွေကိုလည်း အခွံခွာသန့်စင်ပြီး အကွင်းလိုက်လေးတွေ လှီးထားပေးပါနော်။
-
ချက်မယ့်အိုးထဲမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ခနောကြက်သားမှုန့်၊ သကြား၊ လေးညှင်းတို့ထည့်ပြီး ဆူတဲ့အထိ တည်ထားပေးပါ။
-
ဟင်းခတ်အမွှေးအကြိုင်များတည်ထားတဲ့ အရည်များပွက်ပွက်ဆူလာတဲ့အခါ အသင့်လှီးထားတဲ့ ဝက်လက်သားနဲ့ နာနတ်သီးကိုထည့်ပြီး ချက်ပေးပါ။
-
အရသာအတွက် ခနောကြက်သားမှုန့်၊ ငံပြာရည်တို့ထည့်ပြီး အပေါ့အငန်မြည်းကြည့်ကာ လိုအပ်ရင်ထပ်ထည့်နိုင်ပါတယ်နော်။
-
မိနစ်အနည်းငယ်ကြာလာရင်တော့ ကင်မွန်းချဉ်ရွက်လေးတွေထည့်ပြီး (၁၅)မိနစ်ခန့် ချက်ထားပေးပါ။
-
ဝက်လက်သားလေးတွေလည်းနူးအိလာပြီး အရည်လေးလည်းခမ်းလာပြီဆိုရင်တော့ ငရုတ်သီးစိမ်း၊ နံနံပင်လေးတွေအုပ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent