
ထမင်းမြိန်စေမယ့် မျှစ်ချဉ်၊အာလူးနှင့် ပုစွန်စိပ်ချဉ်ရည်ဟင်း
30 မိနစ်
3 ဦးစာ
အလယ်အလတ်
အိမ်မှာ အရည်သောက် ဘာချက်ရမလဲဆိုတာ စဉ်းစားရခက်နေတဲ့ အိမ်ရှင်မတွေ အတွက် ချဉ်ချဉ်လေးနဲ့ ထမင်းမြိန်စေမယ့် မျှစ်ချဉ်၊ အာလူးနဲ့ ပုစွန်စိပ် ချဉ်ရည်ဟင်း ချက်နည်းလေး ပြောပြပေးမှာ ဖြစ်ပါတယ်။ အမျိူးအစားလဲ စုံတာကြောင့် ဘာဟင်းမှ ထပ်မလိုတော့ပဲနဲ့ ဒီဟင်းရည်တစ်ခွက်နဲ့တင် ပြီးပြည့်စုံနေပါပြီနော်။
ပါဝင်ပစ္စည်းများ
- ပုစွန်စိပ် ၁၀ ကျပ်သား
- မျှစ်ချဉ် ၁၀ ကျပ်သား
- အာလူး ၂၀ ကျပ်သား
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၁၀ တတ်
- ချင်း အနည်းငယ်
- မျှင်ငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နံနံပင် အနည်းငယ်
- ငရုပ်သီးစိမ်း ၁၀ တောင့်
- ရုံးပတီသီး ၅ တောင့်
- ရှမ်းငရုပ်နီ ၁ တောင့်
- ရေသန့် ၁ လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ရေနွေးကို ဆူအောင်ကျိုပြီး ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ချင်း၊ နနွင်းမှုန့် တို့နဲ့ ပြုတ်ရည်တည်ထားပါ။
-
မျှစ်ချဉ်ကို ရေအနည်းငယ် ဆေးပါ။ အာလူးကိုအခွံနွှာပြီး ပါးပါးလှီးထားပါ။
-
ပြုတ်ရည်ကျက်ရင်တော့ မျှစ်ချဉ် နဲ့ အာလူး ထည့်ချက်ပြီး အရသာကို မျှင်ငါးပိ ၊ ငါးငံပြာရည် ၊ ခနော ကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်တို့ နဲ့ ထိမ်းညှိပါ။
-
အာလူးနဲ့ မျှစ်ချဉ်နူးလာရင်တော့ အသင့်သန့်စင်ထားတဲ့ ပုစွန်စိပ်ကို ထည့်ချက်ပေးပြီး ရုံးပတီသီး၊ ရှမ်းငရုပ်နီ၊ ငရုပ်သီးစိမ်း၊ နံနံပင်တို့အုပ်ပြီး အရသာရှိရှိ စားလို့ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent