ထမင်းမြိန်စေမယ့် မာလာထုံစပ်မွှေးအာလူးသုပ်

ထမင်းမြိန်စေမယ့် မာလာထုံစပ်မွှေးအာလူးသုပ်

15 မိနစ်

4 ဦးစာ

လွယ်သော

မာလာအာလူးသုပ်တဲ့။ အားပါးပါး။ နာမည်ကြားရုံနဲ့ အာလူးသရဲတွေ သွားရည်တစ်ပေါက် ရွှတ်ခနဲ ကျလောက်ပါရဲ့။ မာလာ အနှစ်ကို အာလူးဆိမ့်ဆိမ့်လေးနဲ့ ထုံနေ၊စပ်နေ၊ မွှေးနေအောင် သုပ်စားရမယ်ဆိုတော့ ရာသီအေးအေး၊ မိုးအေးအေးမှာ သိပ်ကို ဟန်ကျနေပြီပဲ။ ဒါဆိုရင်တော့ ကျွန်တော် ခုချက်ပြမယ့် ဒီ မာလာထုံစပ်မွှေးအာလူးသုပ်လေး (Potato Salad Recipe) ကို မျက်လုံးနဲ့တင် လိုက်ပါခံစားသွားရည်ကျပေးပါဦးလို့။ မာလာအာလူးသုပ်လုပ်ဖို့ အဓိက လိုတာဘာလဲဆို ဟုတ်ပါတယ်ခင်ဗျ။ ပင်တိုင် မင်းသားကြီး အာလူးပါ။ ကင်၊ကြော်၊ဖုတ်၊ ချက် ဘာနဲ့တွဲစားစား အရသာရှိနေတဲ့ အာလူးပါ။ မင်းသမီးကတော့ မာလာအနှစ်ပေါ့။ ကဲ ဒါဆို အာလူးနဲ့ မာလာအနှစ် ဝယ်ပြီးရင် စချက်လိုက်ကြအောင်လားဗျ။

ပါဝင်ပစ္စည်းများ

  • အာလူး ၃၀ ကျပ်သား (၄၈၀ ဂရမ်) အခွံခွာထားပါ
  • မာလာအနှစ် ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
  • ဆီ ထမင်းစားဇွန်း ၁ ဇွန်း
  • ပူစီနံရွက် ၃၀ ဂရမ်
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • တရုတ်မဆလာ လဘက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်နီအခြောက်တောင့် ၁၀ တောင့် အရွယ်တော်လေးတွေ လှီးထားပါ
  • ချင်း ၃ စင်တီမီတာ
  • ကြက်သွန်ဖြူ ၂ မွှာ အခွံခွာထားပါ
  • ရေ ထမင်းစားဇွန်း ၁ ဇွန်း
  • ရေခဲရေ ၂၅၀ မီလီလီတာ
  • ခနောတုန်ယမ်းခဲ လဘက်ရည်ဇွန်း တစ်ဝက်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဆုံး အာလူးတွေကို ခွာ၊ပြီးတာနဲ့ အာလူးကို မထူမပါးလေးလှီး ၁၀ မိနစ်လောက် ရေခဲရေစိမ်ပါခင်ဗျ။ ရိုးရိုးရေ စိမ်လိုက်ရင် အာလူးက မကြွပ်တော့တာ ကြုံဖူးလို့ရယ်ပါ။

  2. အာလူးရေစိမ်ထားတုန်း ကြက်သွန်ဖြူ၊ချင်းလေးတွေခွာထား၊ ထောင်းထားပေးပါ။

  3. အာလူးချောင်းလေးတွေကို ရေထဲက ထုတ်ပြီး ရေစစ်ထားပေးပါ။

  4. ဒယ်အိုးကို မီး အလယ်အလတ်ထားပြီး ဆီထည့်ကာ ပူလာတဲ့အထိစောင့်ပါမယ်။ ပူလာရင် ခုနက အာလူးချောင်းတွေကို ဆီပူပူနဲ့ကြော်ပါ။ အာလူး အပြင်ခွံလေးက ကြွပ်ပြီး ရွှေအိုရောင်သမ်းတာနဲ့ အိုးပေါ်ကချထားပေးပါ။

  5. ပြီးရင် အိုးထဲက ကျန်တဲ့ဆီတွေထဲ ထောင်းထားတဲ့ ဂျင်း၊ကြက်သွန်ဖြူ၊ တရုတ်မဆလာနဲ့ ငရုတ်သီးအနီခြောက်ကို ထည့်လှိမ့်ပေးပါ။ မာလာအနှစ်နဲ့ ခနောတုန်ယမ်းခဲထည့်ပြီး အိုးလှိမ့်ပေးပါ။ ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပါ။

  6. ကြော်ထားတဲ့ အာလူးချောင်းတွေ ထည့်ပြီး ရေ ထမင်းစားဇွန်း ၁ဇွန်း၊ ပူစီနံရွက်တွေအုပ်ပြီး ၂မိနစ် - ၃ မိနစ်ခန့်မွှေပြီးရင် သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent