ထမင်းမြိန်စရာ ငါးရံ့ဒန့်တလွန်သီးဟင်းချို

ထမင်းမြိန်စရာ ငါးရံ့ဒန့်တလွန်သီးဟင်းချို

30 မိနစ်

3 ဦးစာ

အလယ်အလတ်

အရည်သောက်ဟင်းလေးဖြစ်တဲ့ ငါးရံ့ဒန့်တလွန်သီးဟင်းချိုချက်နည်းလေးကို တင်ပေးလိုက်ပါတယ်။ ထမင်းစားရင် ဟင်းရည်ပူပူလေးနဲ့မှ စားတတ်သူတွေအတွက် ဒီငါးရံ့ဒန့်တလွန်သီးဟင်းချိုလေးက ထမင်းမြိန်စေမှာ အသေအချာပါပဲနော်။

ပါဝင်ပစ္စည်းများ

  • ငါးရံ့ ၅၀ ကျပ်သား
  • ကြက်သွန်နီ ၂ လုံး
  • ကြက်သွန်ဖြူ ၅ တတ်
  • ချင်း ၃ ကျပ်သား
  • ငရုတ်ပွခြောက် ၃ တောင့်
  • ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
  • ဆန်လှော်မှုန့် ထမင်းစားဇွန်း ၃ ဇွန်း
  • ငရုပ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ပုစွန်ခြောက် ၅ ကျပ်သားခန့်
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
  • ပဲဆီသန့် ထမင်းစားဇွန်း ၅ ဇွန်း
  • ဒန့်သလွန်သီး ၅ ချောင်း
  • စပါးလင် ၅ ပင်
  • ခရမ်းချဉ်သီး ၁၀ ကျပ်သား
  • နံနံပင် အနည်းငယ်
  • ငရုတ်သီးစိမ်း ၁၀ တောင့်
  • သံပုရာရည် ထမင်းစားဇွန်း ၁ ဇွန်း
  • ရေသန့် ၂ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အရင်ဦးဆုံး ငါးရံ့ကို သန့်စင်အောင်ဆေးကြောထားပြီး အရိုးထုတ်ကာ (၂)လက်မခန့် လှီးဖြတ်ထားပါ။

  2. လှီးဖြတ်ထားတဲ့ ငါးရံ့သားတွေကို သံပုရာရည်၊ ခနောကြက်သားမှုန့်၊ နနွင်းမှုန့်၊ ငါးငံပြာရည် ၊ ငရုပ်ကောင်းမှုန့်တို့ထည့်ပြီး အရသာဝင်အောင် နယ်ကာ နှပ်ထားပေးပါ။

  3. ဆီသတ်ဖို့အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်ပွခြောက်နဲ့ ပုဇွန်ခြောက်တို့ကို ရောထောင်းပေးထားပါနော်။

  4. ဒန့်သလွန်သီးလေးတွေကို အခွံခြစ်သန့်စင်ပြီး အနေတော်အပိုင်းလေးတွေ လှီးဖြတ်ပြီး အသင့်ပြင်ပေးထားပါ။

  5. ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးတွေကိုတော့ ရေစိမ်ပေးထားပါနော်။ ခရမ်းချဉ်သီးလေးတွေကို အနေတော်လှီးထားပါ။

  6. ဒယ်အိုးထဲမှာ ပဲဆီသန့်ကို အပူပေးပြီး ဆီပူလာရင်တော့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်ပွခြောက်၊ ပုဇွန်ခြောက်နဲ့ ခရမ်းချဉ်သီးလေးတွေကို နနွင်းမှုန့်ထည့်ပြီး ဆီသတ်ပါ။

  7. ဆီသတ်နံ့လေးမွှေးလာရင်တော့ ငါးရံ့နဲ့ ငါးငံပြာရည်လေးထည့်ပြီး ဖွဖွလေးမွှေကာ မီးအေးအေးနဲ့ ဆီသတ်ပေးပါနော်။

  8. ငါးရံ့လေးဆီပြန်လာပြီဆိုရင်တော့ ဒန့်တလွန်သီးနဲ့အတူ ရေသန့်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ဒန့်တလွန်သီး နူးတဲ့အထိ ချက်ပေးရပါမယ်။

  9. ဒန့်တလွန်သီးလေးတွေ နူးလာပြီဆိုရင်တော့ ဆန်လှော်မှုန့်ထည့်ပေးပါ။ မိနစ်အနည်းငယ်ကြာရင်တော့ ငရုတ်သီးစိမ်း၊ နံနံပင်လေးအုပ်ပြီး အရသာရှိစွာ သုံးဆောာင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent