ထမင်းပွဲအလယ်က သီးစုံပဲဟင်း

ထမင်းပွဲအလယ်က သီးစုံပဲဟင်း

30 မိနစ်

5 ဦးစာ

အလယ်အလတ်

မိသားစုထမင်းဝိုင်းအလယ်မှာ ခန့်ခန့်ထည်ထည်နေရာယူလေ့ရှိတဲ့ ဟင်းတစ်ခွက်ကိုပြောပါဆိုရင် သီးစုံပဲဟင်းပါပဲနော်။ နူးအိချိုတဲ့ကုလားပဲ၊ အသီးအနှံအရောင်အသွေးစုံစုံ၊မဆလာနံ့လေး သင်းသင်းမွှေးပြီး လိုက်ဖက်ညီစားကောင်းလှတဲ့ သီးစုံပဲဟင်းကို ကျွန်မကတော့ မကြာခဏချက်စားဖြစ်ပါတယ်။ အာဟာရပြည့်ဝပြီး အိမ်သားအားလုံးအကြိုက်တူစေမယ့် သီးစုံပဲဟင်းတစ်ခွက်ကို အလွယ်တကူချက်ပြုတ်နိုင်စေဖို့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကုလားပဲ ၁ ခွက် (၂၀၀ ဂရမ်) (မကျက်တကျက်လေးပြုတ်ထားပေးပါ။ ပဲပြုတ်ရည်ကိုလည်း ပြန်သုံးပါမယ်)
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • အာလူး ၂ လုံး (၂.၅ စင်တီမီတာ အရွယ်အတုံးလေးများတုံးထားပါ)
  • ခရမ်းသီး ၂ လုံး (၃ စင်တီမီတာ အရွယ်အတုံးလေးများတုံးထားပါ)
  • ရုံးပတီသီး ၄ တောင့် (၃ စင်တီမီတာ အရွယ်အတုံးလေးများ တုံးထားပါ)
  • မုန်လာဥနီ ၁ လုံး (၂ စင်တီမီတာ အရွယ် အတုံးလေးများတုံးထားပါ)
  • ပဲတောင့်ရှည်သီး ၃ တောင့် (၃.၅ စင်တီမီတာ အရွယ်လှီးဖြတ်ထားပါ)
  • ငါးခြောက် ၁ ချောင်း (၂ စင်တီမီတာအရွယ် အတုံးလေးများတုံးထားပါ)
  • ဘဲဥ ၃ လုံး (ပြုတ်ထားပါ။ လေးစိတ်စိတ်ထားပါ။)
  • ကြက်သွန်နီ ၁ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ညက်အောင်ထောင်းထားပါ)
  • ဆီ ထမင်းစားဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မဆလာ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ကရဝေးရွက် ၅ ရွက်
  • ငရုတ်သီးအရာင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မန်ကျည်းမှည့်ရည် ထမင်းစားဇွန်း ၅ ဇွန်း မန်ကျည်းသီးမှည့်ကို ရေနွေးနဲ့စိမ်ပြီး ဇွန်းနဲ့ချေကာ အရည်ယူရမှာဖြစ်ပါတယ်။ အချဉ်ကို မိမိစိတ်ကြိုက် အတိုးအလျှော့လုပ်ကာထည့်နိုင်ပါတယ်)
  • ရေ ၄ ခွက် (၁၀၀၀ မီလီလီတာ) (ပဲပြုတ်ရန်)
  • ရေ ၃ ခွက် (၇၅၀ မီလီလီတာ) (ဟင်းထဲထည့်ရန်၊ အရည် အပျစ်အကျဲကိုလိုက်ပြီးချိန်ဆထည့်နိုင်ပါတယ်)

ချက်ပြုတ်ပြင်ဆင်ပုံ

  1. အိုးထဲကို ဆီထည့်ပါ။ဆီပူလာပြီဆိုရင် ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းထည့်ကာဆီသတ်ပါမယ်။

  2. ကြက်သွန်တွေနွမ်းလာတဲ့အခါ ငါးခြောက်ပိုင်းလေးတွေထည့်ဆီသတ်ပါ။ ငါးခြောက်ဆီသတ်နံ့လေးမွှေးပျံ့လာပြီဆိုရင်တော့ အာလူးကိုထည့်ပါမယ်။

  3. အာလူးကိုဆီသတ်ပြီး ၁ မိနစ်ခန့်ကြာတဲ့အခါ ပဲနဲ့ပဲပြုတ်ရည်ကိုလောင်းထည့်ပြီးမွှေပေးပါ။ အဖုံးပိတ်ပြီး ၃ မိနစ်ခန့်ထားပါမယ်။

  4. ပြီးရင်တော့ မုန်လာဥနီ၊ ခရမ်းသီး၊ ရုံးပတီသီးကို ထည့်မွှေကာ ၅ မိနစ်ခန့်အဖုံးအုပ်ပြီးတည်ထားပေးပါ။ နောက်ဆုံး ပဲတောင့်ရှည်ကိုထည့်လိုက်ပါ။ ၁ မိနစ်ခန့်အဖုံးလေးအုပ်ထားပြီး ရေထည့်ပေးလိုက်ပါ။

  5. ပဲဟင်းရည်ဆူလာချိန်မှာ မန်ကျည်းမှည့်ရည်ကို ထည့်ပေးပါ။ ဟင်းရည်ဆူအောင်တစ်မိနစ်ခန့်တည်ထားပြီး ခနောကြက်သားမှုန့်ထည့်ပေးပါ။ မဆလာနဲ့ ကရဝေးရွက်လေးထည့်ကာ ပြန်တည်ပေးပါ။

  6. အနံ့မွှေးမွှေးလေးထွက်လာပြီဆိုရင် ဘဲဥလေးတွေထည့်ပေးလိုက်ပါ။ အခုဆိုရင်တော့အနံ့ အရသာနဲ့ပြည့်စုံတဲ့ သီးစုံပဲဟင်းလေးကိုရရှိပါပြီနော်။

  7. ပဲနဲ့အသီးအနှံတွေရဲ့သဘာဝအချို၊ ငါးခြောက်ရဲ့အငန်ဓာတ်လေးနဲ့ မန်ကျည်းမှည့်ရဲ့ သဘာဝအချဉ်ဓာတ်တို့ကိုပေါင်းစပ်ပြီး မဆလာနံ့မွှေးမွှေးလေးနဲ့ သုံးဆောင်ရမယ့် သီးစုံပဲဟင်းလေးက မိသားစုထမင်းဝိုင်းကိုစိုပြေစေမှာ အမှန်ပါပဲနော်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent