
ထမင်းကြမ်းလေးနဲ့ ပဲပြုတ်ထမင်းကြော် ကြော်စားကြမယ်
15 မိနစ်
3 ဦးစာ
လွယ်သော
ညီမတို့လို အိမ်မှာ မိသားစုကြီးကြီး ရှိတဲ့သူတွေက မနက်စာ စားချိန်ဆို အရမ်းခေါင်းပူအောင် စဉ်းစားရတာနော်၊ အကြိုက်ကလည်း တစ်ယောက်တစ်မျိုးရှိတတ်တော့ မနက်စာကို ဘာလုပ်ပေးရမှန်းမသိအောင် ဖြစ်တဲ့အခါ ညီမကတော့ ညက ကျန်တဲ့ ထမင်းကြမ်းလေးနဲ့ ပဲပြုတ်ထမင်းကြော်လေး ပြေးကြော်လိုက်တာပဲ။ ပဲပြုတ်ထမင်းကြော်လေးဆိုရင်တော့ အဆာလည်းခံ၊ ပိုက်ဆံလည်းချွေတာပြီးဖြစ်၊ လူကြီးတွေလည်း အကြိုက်မို့ ကြော်နည်းလေးပါ တစ်ခါတည်း ပြောပြမယ်နော်။
ပါဝင်ပစ္စည်းများ
- ထမင်းကြမ်း နို့ဆီဘူးတစ်ဘူး
- ကြက်သွန်ဖြူအကြီး ၄ မွှာ (ဓါးပြားရိုက်ထားပါ)
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
- ဆား လဘက်ရည်ဇွန်း လေးပုံတစ်ပုံ
- ပဲငံပြာရည်အနောက် ထမင်းစားဇွန်း တစ်ဝက်
- ပဲပြုတ် ၂၅ ကျပ်သား
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဒယ်အိုးကို မီးအနေတော်အပူပေးပြီး ဆီထည့်ထားပါ၊ ဆီပူလာရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။
-
ကြက်သွန်ဖြူ အနည်းငယ်နွမ်းလာရင် ချေထားသော ထမင်းကြမ်းကို ထည့်ပါ၊ ခနောကြက်သားမှုန့်၊ ဆားနဲ့ ပဲငံပြာရည်အနောက်ထည့်ပြီး သမအောင် ၅ မိနစ်ခန့် မွှေပါ။
-
ပြီးရင် ပဲပြုတ်ထည့်ကာ နှံ့အောင်မွှေပြီး အိုးမှ ချပါ။
-
နှစ်သက်ရာ ဟင်း၊ ကြက်ဥကြော်၊ ဆတ်သားခြောက်၊ ငါးခြောက်ဖုတ်စတာတွေနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent