ဆန်းဆန်းပြားပြား ကြက်ရင်ဖုံတုံးကြော်နှပ်

ဆန်းဆန်းပြားပြား ကြက်ရင်ဖုံတုံးကြော်နှပ်

45 မိနစ်

3 ဦးစာ

အလယ်အလတ်

ကြက်သားဟင်းကိုမှ အမျိုးမျိုးချက်စားရတာ ကြိုက်နှစ်သက်သူတွေအတွက် နာမည်လေးလည်းဆန်း မြင်လိုက်တာနဲ့ သွားရည်ယိုစေမယ့် ဟင်းလျာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပုံမှန်ချက်စားနေကျ ကြက်သားဟင်းတွေကနေလည်း ကွဲထွက်စေသလို အနှစ်ကလေးနဲ့ဆိုတော့ ဆီပြန်ဟင်းလည်း မဖြစ်တော့ဘူးပေါ့...

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံ ၃၀ ကျပ်သား
  • ကြက်သွန်နီ ၃ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ချင်း လက်တဆစ်
  • ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၃ ဇွန်းခွဲ
  • နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း
  • ဆီ ထမင်းစားဇွန်း ၄ ဇွန်းခွဲ
  • ဆား လက်ဖက်စားဇွန်း ၁ ဝက်
  • ငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဦးဆုံး ကြက်ရင်ပုံတွေကို အရေခွံတွေခွာပြီး အန်စာတုံးပုံစံ အတုံးလေးတွေ တုံးထားပေးပါ။ ပြီးရင် ခနော်ကြက်သားမှုန့် (လက်ဖက်စားဇွန်း ၂ ဇွန်း) ထည့်ပြီး အရသာသွင်းကာ နယ်ပေးပါ။

  2. ဒယ်အိုးထဲမှာ ဆီ (ထမင်းစားဇွန်း ၂ ဇွန်း)ထည့်ပြီး ကြက်သားတုံးလေးတွေကိုထည့်ကာ အရောင်ရဲလာသည်အထိ ကြော်ပြီးဆယ်ထားပါ။

  3. ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းတို့ကို ထောင်းထားပါ။

  4. နောက်ဒယ်အိုးတစ်လုံးထဲမှာ ကျန်တဲ့ဆီတွေထည့်ပြီး ဆီဆူလာရင် ထောင်းထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ နနွင်းမှုန့်တို့ထည့်ပြီး ဆီသတ်ပါ။

  5. ကြက်သွန်တွေ နွမ်းလာပြီဆိုရင်တော့ အရောင်တင်မှုန့်၊ ငံပြာရည်ထည့်ပြီး နှံ့အောင်မွှေပေးပါ။

  6. ပြီးသွားရင်တော့ စောနက ကြော်ထားတဲ့ ကြက်သားတုံးလေးတွေကိုထည့်ပြီး ချက်ပါ။

  7. ကြက်သားထဲ အနှစ်တွေစိမ့်ဝင်သွားအောင် ရေအနည်းငယ်ထည့်ပြီး ၁၀ မိနစ်ခန့်ချက်ပေးပါ။

  8. အချိန်ပြည့်သွားပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းကြည့်ပြီး ဆား၊ ခနော်ကြက်သားမှုန့် လိုအပ်ပါက ထည့်ပါ။

  9. အားလုံးပြီးသွားရင်တော့ စားချင်စဖွယ် ကြက်ရင်ပုံတုံးကြော်လေးကို အရသာရှိစွာ စားသုံးနိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent