စားမြိန်ဖွယ် ပင်လယ်စာ ပဲကြာဆံသုပ်နည်း

စားမြိန်ဖွယ် ပင်လယ်စာ ပဲကြာဆံသုပ်နည်း

10 မိနစ်

2 ဦးစာ

လွယ်သော

တခါတလေဆီပြန်ဟင်းတွေနဲ့ ထမင်းမစားချင်ဘဲ ချဉ်ချဉ်စပ်စပ် သံပရာနံ့မွှေးမွှေး အသုပ်လေးတွေနဲ့ထမင်းစားချင်တဲ့အခါ ပင်လယ်စာပဲကြာဇံသုပ်လေးကို မေ့ထားလို့မဖြစ်ပါဘူးနော်။ ဆောင်းတွင်းမို့ ရာသီဥတုနည်းနည်းအေးလာချိန်မှာလည်း ဒီအသုပ်လေးက ရှူးရှူးရှဲရှဲနဲ့စားလို့ခံတွင်းမြိန်စေပါတယ်။ ဟင်းအဖြစ်ပဲစားစား၊ သွားရည်စာအသုပ်တစ်ပွဲအဖြစ်ပဲစားစား အချိန်တိုင်းစားကောင်းနေစေမယ့် ပင်လယ်စာ ပဲကြာဇံသုပ်နည်းလေးကို အခုလို ပြောပြလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ပဲကြာဆံ ၁၀ ကျပ်သား (ရေဆူဆူမှာ ၂ မိနစ်မှ ၅ မိနစ်ခန့် ပြုတ်ကာ ဆန်ကာနဲ့ ရေစစ်ထားပါ)
  • ပုစွန် ၅ ကျပ်သား (သန့်စင်ပြီး အမြီးချန်၊ အခွံချွတ်ပါ။ ရေဆူဆူမှာ ၁ မိနစ် ၂ မိနစ်ခန့်ပြုတ်ကာ ပြန်ဆယ်ထားပါ)
  • ပြည်ကြီးငါး ၅ ကျပ်သား (ရေဆေးသန့်စင်ကာ အဝိုင်းလေးတွေလှီးထားပါ။ ရေဆူဆူမှာ ၁ မိနစ် ၂ မိနစ်ခန့်ပြုတ်ကာ ပြန်ဆယ်ထားပါ)
  • ကြက်သွန်ဖြူ ၈ မြွှာ (မညက်တညက်ထောင်းထားပါ)
  • ကြက်သွန်နီ ၁ လုံး (ရေဆေးပြီး မထူမပါးလှီးထားပါ)
  • ခရမ်းချဥ်သီး ၁ လုံး (ရေဆေးပြီး မထူမပါးလှီးထားပါ)
  • ငရုတ်သီးတောင့်ရှည်အနီ ၇ တောင့် (မညက်တညက်လှီးထားပါ)
  • သံပုရာသီး တစ်ခြမ်း
  • ခနောတုန်ယမ်းခဲ တစ်ခဲရဲ့ တစ်ဝက် (ရေစားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ဖျော်ထားပါ)
  • တရုတ်နံနံ ၃၀ ဂရမ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ရေဆေးပြီး ၂ စင်တီမီတာအရှည်ခန့် ပိုင်းထားပါ)
  • ငါးငံပြာရည် ထမင်းစားဇွန်း ၃ ဇွန်း
  • သကြား ထမင်းစားဇွန်း တစ်ဝက်
  • ရေခဲရေ ၅၀၀ မီလီလီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ရေနွေးပူပူထဲမှာ ကြာဆံထည့်ပြီး ကြာဆံကို ၂ မိနစ်မှ ၅ မိနစ်လောက် ပြုတ်ထားပါ။ ဆယ်ပြီး ရေစစ်ထားပါ။

  2. အိုးထဲမှာ ပုစွန်နဲ့ ပြည်ကြီးငါးထည့်ပြီး ၂ မိနစ်ခန့် ပြုတ်ပေးပါ။ အိုးမှ ထုတ်ပြီး ရေခဲရေထဲ ၂ မိနစ်ခန့် စိမ်ထားပါ၊ ဆယ်ပြီး ရေစစ်ထားပါ။

  3. ပန်းကန်လုံးတစ်လုံးထဲမှာ ခနောတုန်ယမ်းခဲ၊ ရေ၊ ငံပြာရည်၊ သကြား၊ ငရုတ်သီးနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်မွှေထားပါ။

  4. တခြားပန်းကန်လုံးကြီးကြီးတစ်ခုမှာ ပဲကြာဆံ၊ ပုစွန်နဲ့ ပြည်ကြီးငါးတို့ ထည့်ပါ၊ ကြက်သွန်နီ၊ခရမ်းချဥ်သီး၊ ကြက်သွန်မြိတ်နဲ့ အပေါ်က ဖျော်ထားတဲ့ ဆော့စ်ကို လောင်းလိုက်ပါ၊ သံပုရာသီးတစ်စိတ်လောက်ညှစ်ထည့်ပါ။

  5. တူ သို့မဟုတ် လက်ကို အသုံးပြုပြီး သမအောင်မွှေပြီး သုံးဆောင်နိုင်ပါပြီ။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent