
ငါးရံ့ချဥ်ပေါင်ဟင်း
15 မိနစ်
4 ဦးစာ
အလယ်အလတ်
အရည်သောက်တစ်ခွက်အတွက် အမြဲစဥ်းစားနေရတဲ့ How to Cook ပရိသတ်ကြီးအတွက် ငါးရံ့နဲ့ ချက်တဲ့ ငါးရံ့ ချဥ်ပေါင်ဟင်းလေးဆိုရင် အကြိုက်တွေ့ကြမယ်ထင်ပါတယ်။ ငါးရံ့ရဲ့ နူးညံ့မှုနဲ့ အအီပြေချဥ်ပေါင်ရွက်စူးစူးလေးတို့ ပေါင်းစပ်ထားတဲ့ ငါးရံ့ချဥ်ပေါင်ဟင်းမှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးမယ့် ဗီတာမင်စီ ပါဝင်သလို ပရိုတိန်း၊ ဗီတာမင် B3၊ ပိုတက်ဆီယမ်၊ ဗီတာမင် B2 နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်တဲ့အတွက် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်စေတဲ့အတွက် ချက်နည်းလေး ပြောပြပေးလိုက်ပါတယ်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*
ပါဝင်ပစ္စည်းများ
- ချဥ်ပေါင်ရွက် ၁၆၀ ဂရမ်
- မျှစ် ၁၀၀ ဂရမ်
- ငါးရံ့ ၄၀၀ ဂရမ်
- ကြက်သွန်ဖြူ ၅ စိတ်
- ကြက်သွန်နီ ၁ လုံး
- ငရုတ်သီးအခြောက်တောင့် ၃ တောင့်
- ချင်း ၁ လက်မ
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- စိမ်းစားငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် မကြေ့တကြေ အနည်းငယ်
- ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- မြေပဲဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- ရေ ၁.၅ လီတာ
- ရုံးပတီသီး ၁၀ တောင့်
- နံနံပင် အနည်းငယ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
ချဥ်ပေါင်၊ မျှစ်နဲ့ ရုံးပတီသီးတွေကို ရေဆေးသန့်စင်ပြီး ၂ လက်မအရှည်လေးတွေ လှီးဖြတ်ထားပါ။
-
ငါးရံ့ကို အရိုးထုတ်ပြီး အတုံးလေးတွေ လှီးထားကာ နနွင်းမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်တို့နဲ့ နယ်နှပ်ပြီး ဖယ်ထားလိုက်ပါ။
-
ငရုတ်သီးအခြောက်တောင့်ကို အစေ့တွေ ဖယ်ပြီး ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့နဲ့အတူ ငရုတ်နှစ်ရအောင် ရောထောင်းပါ။
-
ချဥ်ပေါင်ရွက်ကို စိမ်းစားငါးပိ၊ ငံပြာရည်၊ ဆား၊ ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နှပ်ထားတဲ့ ငါးရံ့အသားတုံးတချို့တို့နဲ့ ရေအနည်းငယ်ထည့်ပြီး အိုးထဲမှာ မီးအေးအေးနဲ့ ချဥ်ပေါင်ရွက်အနည်းငယ်နွမ်းအောင် လုံးထားပါ။
-
အိုးကို မီးအသင့်အတင့်အပူပေးပြီး နနွင်းမှုန့်အနည်းငယ်နဲ့ ထောင်းထားတဲ့ ငရုတ်သီးအနှစ်တွေထည့်ပြီး အနံ့မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။
-
မွှေးလာတဲ့အခါ နှပ်ထားတဲ့ ငါးရံ့တုံးလေးတွေထည့်ပြီး ခဏမွှေထားပါ။
-
ငါးရံ့အသားတုံးလေးတွေ မွှေးပြီး နူးလာတဲ့အခါ လုံးထားတဲ့ ချဥ်ပေါင်၊ မျှစ်နဲ့ စိမ်းစားငါးပိ၊ ငံပြာရည်၊ ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ နံနံပင်နဲ့ ရေနွေးအနည်းငယ်ထည့်ပြီး မွှေးပျံ့ကာ အရည်အနည်းငယ်ပျစ်လာတဲ့အထိ ပွက်ပွက်ဆူအောင် တည်ပေးပါ။
-
ပြီးရင်တော့ ငါးရံ့ချဥ်ပေါင်ဟင်းလေးကို နံနံပင်လေးအုပ်ပြီး ပူပူလေး သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent