
ငါးကျည်းခြောက်နံ့မွှေးမွှေးလေးနဲ့ ခရမ်းသီးနှပ်
30 မိနစ်
3 ဦးစာ
အလယ်အလတ်
ဒီတစ်ခေါက်မှာတော့ ဟင်းလျာစမ်းစမ်းလေးတွေ ချက်စားချင်တဲ့ အိမ်ရှင်မတွေအတွက် ခရမ်းသီးလေးကို ငါးကျည်းခြောက်လေးနဲ့ နှပ်နည်းလေးကို ပြောပြပေးသွားမှာပါ။ ခရမ်းသီးကို မီးဖုတ်ထားလို့ မွှေးတဲ့အနံ့လေးရယ်၊ ငါးကျည်းခြောက်ရဲ့ အမွှေးနံ့လေးရယ်ကြောင့် အရမ်းကို ထမင်းစားမြိန်စေမှာနော်...
ပါဝင်ပစ္စည်းများ
- ခရမ်းသီး ၁၀ ကျပ်သား
- ငါးကျည်းခြောက် ၁၀ ကျပ်သား
- ကြက်သွန်ဖြူ ၅ တတ်
- ကြက်သွန်နီ ၁ လုံး
- ချင်း အနည်းငယ်
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- ဆီ ထမင်းစားဇွန်း ၂ ဇွန်း
- ရေသန့် ဝ.၅ လီတာ
- ငရုတ်ပွခြောက် ၃ တောင့်
- ငါးငံပြာရည် လက်ဖက်စားဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် အနည်းငယ်
- ငရုတ်သီးစိမ်း ၅ တောင့်
- ရှမ်းငရုတ်နီ ၁ တောင့်
- နံနံပင် အနည်းငယ်
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ခရမ်းသီးကို မီးကင်ပြီး အခွံနွာကာ နူတ်နူတ်စင်းထားပါ။
-
ငရုတ်ပွခြောက်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ဆီသတ်ဖို့အတွက် ထောင်းထားပါ။
-
ငါးကျည်းခြောက်ကို ရေစိမ်ပြီး အရိုးထုတ်ကာ ထောင်းထားပါ၊ ရှမ်းငရုတ်နီကို ပါးပါးလှီးပြီး ငရုတ်သီးစိမ်း၊ နံနံပင်တို့နဲ့အတူ ရေစိမ်ထားပါ။
-
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာတဲ့အခါ ထောင်းထားတဲ့ ကြက်သွန်အနှစ်ထည့်ပြီး ဆီသတ်ပေးပါ။
-
ကြက်သွန်လေးတွေ နွမ်းလာရင်တော့ ထောင်းထားတဲ့ ခရမ်းသီး၊ ငါးကျည်းခြောက်၊ ငါးငံပြာရည်၊ ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နံနံပင်နဲ့ ရေအနည်းငယ်တို့ထည့်ကာ အဖုံးအုပ်ထားပါ။
-
ဟင်းနံ့လေးမွှေးပြီး ရေလေးခမ်းလာရင်တော့ ရေစိမ်ထားတဲ့ ရှမ်းငရုတ်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့အုပ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent