
ငရုတ်ပွကို ဝက်သား၊ ငါးပုတ်ခြောက်လေးနဲ့ အစာသွပ်စားမယ်
30 မိနစ်
3 ဦးစာ
အလယ်အလတ်
အိမ်ရှင်မတို့ရေ ပုံမှန်ဟင်းတွေချည်းစားရတာရိုးနေတဲ့ မိသားစုတွေအတွက် ဟင်းလျာအသစ်အဆန်းလေးတွေ ချက်စားကြည့်ရအောင်နော်။ နာမည်လေးကတော့ ဝက်သား၊ ငါးပုတ်ခြောက် ငရုတ်ပွအစာသွပ်လေးတဲ့၊ ဝက်သားနဲ့ ငါးပုတ်ခြောက်လေးကို ငရုတ်ပွလေးနဲ့ အစာသွပ်ထားတော့ မွှေးမွှေးလေးနဲ့ အရမ်းစားလို့ကောင်းစေမှာပါ။
ပါဝင်ပစ္စည်းများ
- ဝက်ဂုတ်လိုင်းသား ၂၅ ကျပ်သား
- ငါးပုပ်ခြောက် ၃ ကျပ်သား
- ကြက်သွန်နီ ၂ လုံး
- ကြက်သွန်ဖြူ ၁၀ တက်
- ချင်း ၃ ကျပ်သား
- ငရုတ်ပွခြောက် ၃ တောင့်
- ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း ၁ ဝက်
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- နနွင်းမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း
- လေးညှင်းပွင့် ၃ ပွင့်
- ပဲဆီသန့် ထမင်းစားဇွန်း ၅ ဇွန်း
- ငရုတ်ပွရောင်စုံ ၃ လုံး
- နံနံပင် အနည်းငယ်
- ငရုတ်သီးစိမ်း ၅ တောင့်
- ရေသန့် ၅၀၀ မီလီလီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
အရင်ဦးဆုံး ဝက်ဂုတ်လိုင်းသားလေးတွေကို နုတ်နုတ်စင်းပြီး ငါးပုတ်ခြောက်လေးတွေကိုတော့ အရေခွံဖယ်ပြီး လှီးဖြတ်ထားပေးပါ။ ငရုတ်ပွလေးတွေကိုတော့ အစေ့ထုတ်ထားပါ။
-
အသင့်လှီးထားတဲ့ ဝက်ဂုတ်လိုင်းသားလေးတွေနဲ့ ငါးပုတ်ခြောက်လေးတွေကို အရသာဝင်သွားအောင် ခနောကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့နဲ့ နယ်ကာ မိနစ် (၂၀)ခန့် နှပ်ထားပေးပါ။
-
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းနဲ့ ငရုတ်ပွခြောက်လေးတွေကိုတော့ ဆီသတ်ဖို့အတွက် ညက်နေအောင် ထောင်းထားပေးပါနော်။
-
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာရင်တော့ ထောင်းထားတဲ့ ငရုတ်နှစ်လေးတွေကို နနွင်းမှုန့်၊ နံနံပင်အရိုးတို့နဲ့အတူ ဆီသတ်ပေးပါ။
-
ဆီသတ်နံ့လေးမွှေးလာပြီး ကြက်သွန်လေးတွေလည်း နွမ်းလာပြီဆိုရင်တော့ ဝက်ဂုတ်လိုင်းသားနဲ့ ငါးပုတ်ခြောက်လေးတွေ ထည့်ချက်ပေးပါနော်။
-
ဝက်ဂုတ်လိုင်းသားလေးတွေနဲ့ ငါးပုတ်ခြောက်လေးတွေ ကျက်သွားပြီဆိုရင်တော့ ငရုတ်ပွသီးလေးတွေထဲ အစာသွပ်ပေးပါ။
-
အစာသွပ်ထားတဲ့ ငရုတ်ပွသီးလေးတွေကို ရေသန့်အနည်းငယ်နဲ့ အနည်းငယ်ကျက်သည်အထိ ချက်ပေးပါနော်။
-
ငရုတ်ပွသီးလေးတွေ ကျက်လာပြီဆိုရင်တော့ ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးအုပ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent