
ချိုမွှေးအိစက် အရသာထူးတဲ့ အုန်းထမင်းနဲ့ ကြက်သားဟင်း
10 မိနစ်
5 ဦးစာ
အလယ်အလတ်
ဒီတစ်ပတ်ပိတ်ရက်အတွက် အစ်မရဲ့ စပါယ်ရှယ်မီနူးကတော့ အုန်းထမင်းနဲ့ကြက်သားဟင်းပါ။ ကိုယ်တွေငယ်ငယ်ကတော့ အုန်းထမင်းနဲ့ကြက်သားဟင်းဆိုတာ အလှူတို့၊ ထူးခြားတဲ့အခါသမယတို့ကျမှ ချက်ဖြစ်တာမျိုး။ ဘာလို့လဲဆို ဆန်ကောင်းကောင်းစုပါဦး၊ အုန်သီးခြစ်ပါဦး ညှစ်ပါဦး၊ ကြက်သားရှာပါဦးနဲ့ ခုစားချင် ခုထချက်လို့မရခဲ့။ Plan လေးချပြီးမှ ချက်ဖြစ်ခဲ့တာ။ အခုတော့ ရယ်ဒီမိတ်အုန်းနို့ဘူးတွေကလည်း ရှိ၊ ဆန်ကောင်းကောင်းကလည်း ဝယ်လို့ ရနေတော့ ဘယ်အချိန်ဖြစ်ဖြစ်စားချင်ထချက်ရုံပါပဲ။ ဒါကြောင့် အစ်မက အုန်းထမင်းနဲ့ကြက်သားဟင်း (Coconut rice recipe) ကို အမြန်ဆန်ဆုံးချက်ပြပေးသွားပါမယ်နော်။
ပါဝင်ပစ္စည်းများ
အုန်းထမင်းအတွက်
- ရွှေဘိုပေါ်ဆန်းမွှေး ၂ ဘူး
- ဆီ ထမင်းစားဇွန်း ၁ ဇွန်း
- ကြက်သွန်နီ ၁ ဥ (အခွံနွှာ လေးစိတ်စိတ်ကာ အဖတ်လေးများ ရအောင် ခွာထားပါ)
- သကြား လဘက်ရည်ဇွန်း ၃ ဇွန်း
- အုန်းနို့ ခရင်မ် ၁၅၀ မီလီလီတာ ၁ ဘူး
ကြက်သားဟင်းအတွက်
- ကြက်သား ၂၀ ကျပ်သား (အတုံးကြီးကြီးတုံးထားပါ)
- ဆီ ၅ ကျပ်သား
- ချင်း ၃ ပြား
- ကြက်သွန်ဖြူ ၃ မွှာ
- ကြက်သွန်နီ ၁ ဥ (လှီးထားပါ)
- နနွင်း လဘက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်သီးအရောင်တင်မှုန့် လဘက်ရည်ဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- မဆလာ လဘက်ရည်ဇွန်း ၃ ဇွန်း
- ရေ တစ်ခွက်ခွဲ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ဆန်ကိုသေသေချာချာဆေးကြောပြီး ပေါင်းအိုးထဲထည့်ကာ ဆီ၊ သကြား၊ ကြက်သွန်နီ၊ အုန်းနို့တို့ ထည့်ကာသမအောင်နယ်ပါ။ ရေကို နို့ဆီဘူး ၃ ဘူးခန့်ထည့်ကာ ခလုတ်ဖွင့်ပြီးတည်ထားပေးပါ။
-
ထမင်းအိုးပွက်ချိန်မှာ ကြက်သွန်လေးတွေ နူးအိအောင် အပေါ်အောက်သမပြီး တစ်ကြိမ် နှစ်ကြိမ်ခန့်မွှေပေးရင် အုန်းထမင်းလေး ရပါပြီ။
ကြက်သားဟင်း
-
ကြက်သားတုံးလေးတွေကို ခနောကြက်သားမှုန့်၊ နနွင်းထည့်ပြီးနယ်ထားပေးပါ။
-
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးအရောင်တင်မှုန့် တို့ကိုငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင်ထောင်းပါ။ ကြိတ်စက်နဲ့ကြိတ်လည်းရပါတယ်နော်။
-
ဒယ်အိုးကို မီးမပြင်းတပြင်း(မီးတစ်ဝက်) အနေအထားထားပြီး ဆီထည့်ပါ။ ဆီဆူလာရင် ထောင်းထားတဲ့ကြက်သွန်ဖြူနီအနှစ်ကို ထည့်ကာမွှေးလာအောင် ဆီသတ်ပေးပါ။
-
တစ်မိနစ်လောက် ဆီသတ်ပြီး နယ်ထားတဲ့ကြက်သားတွေကိုထည့်ကာ သမအောင်မွှေပေးပါ။ ပြီးရင် ရေထည့်ပါ။ အဖုံးအုပ်ကာ ၇ မိနစ်ခန့်တည်ပြီးချိန်မှာ ကြက်သားနူး မနူးဆိုတာကိုကြည့်ပြီးလိုအပ်ရင် ရေနည်းနည်းထပ်ထည့်ပေးနိုင်ပါတယ်။
-
ရေခန်းခါနီး ဆီပြန်ခါနီးအချိန်မှာ မဆလာအုပ်ကာ မွှေပေးပါ။ ပြီးရင် အဖုံးဖွင့်ကာ ဆီပြန်အောင်ထားပေးလိုက်ပါ။ ဒါဆိုရင်တော့ မွှေးပျံ့အိစက်ကော့စင်းနေတဲ့ အုန်းထမင်းလေးနဲ့ အရသာရှိလှတဲ့ကြက်သားဟင်းလေးကို ရပါပြီ။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent