
ချဥ်ငန်စပ်လက်ဖက်သုပ်
10 မိနစ်
4 ဦးစာ
လွယ်သော
တခြားနိုင်ငံတွေမှာ လက်ဖက်ဆိုတာ ရေနွေးကြမ်းအဖြစ် သောက်စရာတစ်ခုဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာတော့ လက်ဖက်ရွက်ကို သုပ်စားကြပြီး လူကြိုက်အများဆုံးအသုပ်တစ်မျိုးပေါ့။ ညီမတို့တော့ မိသားစုတွေဆုံပြီဆိုတာနဲ့ လက်ဖက်လေးသုပ်၊ရေနွေးကြမ်းလေးနဲ့ စကားတွေ ဖောင်ဖွဲ့ကြတာပဲ။ဒီတစ်ပတ်တော့ အိမ်မှာ သုပ်နေကျ လက်ဖက်သုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- လက်ဖက်နှပ် ၅ ကျပ်သား (အချို)
- ခရမ်းချဥ်သီး ၂ လုံး (ပါးပါးလှီးထားပါ)
- ဂေါ်ဖီအသေးတစ်စိတ် (ပါးပါးလှီးထားပါ)
- ကြက်သွန်ကြော် ထမင်းစားဇွန်း ၃ ဇွန်း
- မြေပဲ ထမင်းစားဇွန်း ၃ ဇွန်း
- နှမ်း ထမင်းစားဇွန်း ၂ ဇွန်း
- ပဲခြမ်းကြော် ထမင်းစားဇွန်း ၂ ဇွန်း
- ပုစွန်ခြောက် ထမင်းစားဇွန်း ၁ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သံပုရာသီး ၁ လုံး
- ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
- ငရုတ်သီးစိမ်း ၅ တောင့် (အနေတော်လှီးထားပါ)
- ငရုတ်သီးစိမ်း ၅ တောင့်
- ဆီ ထမင်းစားဇွန်း ၄ ဇွန်း
- ငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၅ မြွှာ
ချက်ပြုတ်ပြင်ဆင်ပုံ
-
ပထမဆုံးလက်ဖက်နှပ်ပြီးသားထဲကို ဆီတစ်ဇွန်းထည့်၊ခနောကြက်သားမှုန့်ထည့်၊သံပုရာသီး၁လုံးစာညှစ်ပြီး ကြက်သွန်ဖြူ ၅မွှာနဲ့ ငရုတ်သီးစိမ်း ၅တောင့် ခပ်ပါးပါးလှီးထည့်နယ်ထားပါ။
-
လက်ဖက်နှပ်ထဲကို ကြက်သွန်ကြော်၊မြေပဲ၊နှမ်း၊ပဲခြမ်းကြော်၊ပုစွန်ခြောက်မှုန့်၊ခရမ်းချဉ်သီးနဲ့ဂေါ်ဖီတို့ထည့်ပါမယ်။
-
ငံပြာရည်ဆမ်းပါ။ဆီ ၃ ဇွန်းထည့်ကာ လက်နဲ့နယ်ပါမယ်။
-
အဆုံးမှ အပေါ်က ပုစွန်ခြောက်လေးတွေ ဖြူးထည့်ပြီး ကျန်တဲ့ ငရုတ်သီးစိမ်းငါးတောင့်နဲ့ ကြက်သွန်ဖြူတောင့်လေးတွေ ကိုက်လိုက်ရင် ချဉ်ငန်စပ်ပြီး ပွင့်ထွက်မယ့် လက်ဖက်သုပ်လေးကို တစ်မိသားစုလုံးစားရပြီပေါ့။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent